ဦးကိုနီအမှုမှ မြင့်ဆွေဆိုသူမှာ အောင်ဝင်းဇော်ဖြစ်သည်ဟု တရားလိုရှေ့နေပြော

ဦးကိုနီအမှုမှ မြင့်ဆွေဆိုသူမှာ အောင်ဝင်းဇော်ဖြစ်သည်ဟု တရားလိုရှေ့နေပြော
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)
 

ရန်ကုန်၊ ဇူလိုင်လ ၂၆ ။           ။ ရှေ့နေ ဦးကိုနီအား လုပ်ကြံရန် ကျူးလွန်သူ ကြည်လင်းအား ခိုင်းစေခဲ့သည်ဟုဆိုသော မြင့်ဆွေ ဆိုသူမှာ အောင်ဝင်းဇော်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်၊ နံနက်ပိုင်း ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ၆၃ ကြိမ်မြောက် အဖြစ် ကြည်လင်း အပါအဝင် အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ ၃ ဦးကို ရုံးထုတ်ခဲ့သည်။

အောင်ဝင်းဇော်အား စစ်ဆေးအပြီးတရားခွင်မှ အထွက်တွင် ကြည်လင်းအား ဖမ်းဆီးရာတွင် သေဆုံးခဲ့သည့် အငှါးယာဉ်မောင်း ကိုနေဝင်းမိသားစုဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

"သူတို့ ကြည်လင်းနဲ့ ကွင်းဆက်ရှိနေတယ်။ မြင့်ဆွေဆိုတာလည်း တခြားမဟုတ်ဘူး။ အောင်ဝင်းဇော်ပဲ။ ရှာလို့မရနိုင်တဲ့သူ လက်ညိုးထိုးပြီးတော့ ဟိုမှာသေသွားပြီ။ ဒီမှာသေသွားပြီနဲ့။ တကယ်တမ်းက သူတို့က နာမည်ဝှက်တွေနဲ့ကစားကြတာ။ နာမည်ဝှက်တွေနဲ့သူတို့အလုပ်လုပ်ကြတာ"ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က ကြည်လင်းအား တရားခွင်အတွင်းစစ်ဆေးချက်အရ မြင့်ဆွေက ခြိမ်းခြောက် ခိုင်းစေမှုကြောင့် ဦးကိုနီအား သတ်ခဲ့ရခြင်းဖြစ်သည်ဟု ဦးကြည်လင်း ထွက်ဆိုခဲ့သည်။ ထိုသို့ခိုင်းစေမှုအား ကြည်လင်းက ငြင်းဆိုခဲ့သော်လည်း သူနှင့် သူ့ မိသားစု၏ အသက်အန္တရာယ်အား ခြိမ်းခြောက်ခိုင်းစေလာသည့် အတွက် ကြောက်ကြောက်နှင့် လုပ်ခဲ့ရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ခြင်းသည်။

"သူတို့ရှင်းရှင်းပြောရရင်တော့ ဥပဒေအပြင်က လုပ်တဲ့လုပ်ငန်းတွေမှာ ဒီလိုပဲ စကားဝှက်တွေပဲသုံးတာ။ လူဆိုလည်းလူ စကားဝှက်တွေပဲသုံးတာပဲဗျ။ ဘယ်နေရာမဆို။ အခုလည်း မြင့်ဆွေဆိုတာ အောင်ဝင်းဇော်ပဲ ဖြစ်တယ်။ သို့သော် သူတို့ကတော့ မြင့်ဆွေမြင့်ဆွေဆိုပြီးတော့တတာပေါ့။ အဲ့ဒါတွေက တယ်လီဖုန်းမှတ်တမ်းတွေကြောင့် ပေါ်သွားတာ။ နောက်ပြီးတော့ CCTV မှတ်တမ်းတွေကြောင့် ပိုပေါ်သွားတာ"ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

မြင့်ဆွေမှာ မန္တလေးသားဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်တွင် နေထိုင်ကာ ကြည်လင်းနှင့် အသက်၂၅ နှစ်အရွယ် ကတည်းက ခင်မင်သူဖြစ်ကြောင်း ဦးကြည်လင်းက တရားခွင်အတွင်းထွက်ဆိုခဲ့ချက်အရ သိရသည်။

မြင့်ဆွေက ကြည်လင်းအား လေဆိပ်သို့ ဖုန်းဆက်ချိန်းဆိုပြီး ဖုန်းထဲမှ ဦးကိုနီ ဓာတ်ပုံအားထုတ်ပြကာ ဦးခေါင်းအား သေနတ်ဖြင့်အနီးကပ်ပစ်သတ်ရန်ခိုင်းစေခဲ့ကြောင်း ကြည်လင်းက ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ ရုံးချိန်းက တရားခွင်အတွင်းထွက်ဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required