ပြင်သစ် မူးယစ်မှောင်ခိုသမားအား အင်ဒိုနီးရှား ပြည်နှင်ဒဏ်ပေး

ပြင်သစ် မူးယစ်မှောင်ခိုသမားအား အင်ဒိုနီးရှား ပြည်နှင်ဒဏ်ပေး

ဇူလိုင် ၂၂ ။           ။ ဘာလီကျွန်းသို့ တရားမဝင် မူးယစ်မှောင်ခိုကုန်ကူးမှုဖြင့် ဖမ်းဆီးခံရပြီး ထောင် ၁၈ နှစ် ကျခံထားခဲ့ရသော ပြင်သစ်နိုင်ငံသားတစ်ဦးအား ဇူလိုင် ၂၁ ရက်တွင် အင်ဒိုနီးရှား အာဏာပိုင်တို့က ပြည်နှင်ဒဏ်ပေးလိုက်ပြီ ဖြစ်သည်။

မိုက်ကယ် ဘလန့် အမည်ရ အဆိုပါပြင်သစ်နိုင်ငံသား အမျိုးသားမှာ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ် ခရစ်စမတ်နေ့၏ နောက်တစ်ရက်တွင် ဘာလီကျွန်း လေဆိပ်တွင် မူးယစ်ကုန်ကူးမှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်ဖြစ်သည်။

၎င်းနှင့်အတူ ဝှက်သယ်လာသော ဆေးခြောက် ၃ ဒသမ ၈ ကီလိုကို သိမ်းဆည်းရမိခဲ့သည်။

ယင်းနောက် ဘလန့်အား အင်ဒို အာဏာပိုင်များက တရားမဝင် မူးယစ်မှောင်ခိုမှုဖြင့် တရားစွဲပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ ဘလန့်၏ ဖြစ်စဉ်တွင် အင်ဒိုနီးရှားတို့၏ ပြင်းထန်တင်းကျပ်သော မူးယစ်ဥပဒေများအပေါ် မိခင်ပြင်သစ်နိုင်ငံတွင် ဒေါသူပုန်ထ အမျက်ထွက်မှုများ ရှိခဲ့သည်။

နောက်ပိုင်းတွင် အင်ဒိုနီးရှား အာဏာပိုင်တို့ဘက်က ဘလန့်၏ ပြစ်ဒဏ်ကို ထောင်ဒဏ် အနှစ် ၂၀ ထိ ပြန်လည်လျှော့ပေါ့ပေးခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်အရောက်တွင် ဘလန့်သည် နိုင်ငံခြားသားတစ်ချို့သာ ရလေ့ရှိသည့် အခွင့်အရေးဖြစ်သော ပြစ်ဒဏ်မစေ့မီ ခံဝန်ချက်ဖြင့် ပြန်လည်လွတ်မြောက်မှုကိုလည်း ခွင့်ပြုခြင်းခံခဲ့ရသည်။

ယခုအခါ ဇူလိုင် ၂၁ ရက်က အင်ဒိုနီးရှား လူဝင်မှု တာဝန်ရှိသူများ ခြံရံလျက် ဘလန့်နှင့် ၎င်း၏ မိခင်ဖြစ်သူ ဟယ်လီနီ လီ  တိုဇေး တို့မှာ ဂျာကာတာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြသည်။ ယင်းနောက် ၎င်းတို့သားအမိနှစ်ဦး အင်ဒိုနီးရှားမှ လေယာဉ်ဖြင့် ထွက်ခွာလာခဲ့ပြီး ဇူလိုင် ၂၂ ရက်တွင် ပြင်သစ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required