အထူးသတင်းထောက်အမည်ခံကာ ဒုစရိုက်လုပ်ငန်းများထံမှ ငွေကြေးရယူမှုများရှိနေဟု ထုတ်ပြန်

အထူးသတင်းထောက်အမည်ခံကာ ဒုစရိုက်လုပ်ငန်းများထံမှ ငွေကြေးရယူမှုများရှိနေဟု ထုတ်ပြန်

ဇွန် ၁၆ ။          ။ အထူးသတင်းထောက်များ၊ မှုခင်းသတင်းထောက်များအမည်ခံ၍ ဒုစရိုက်လုပ်ငန်းလုပ်ကိုင်နေသူများထံမှ လစဉ်ကြေးများရယူခြင်းများရှိနေသည်ကို စိစစ်တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်သည်။

" အထူးသတင်းထောက်များ၊ မှုခင်းသတင်းထောက် များအမည်ခံ၍ လောင်းကစားမှုများ ပြုလုပ်ခြင်း၊ မှုခင်းများတွင် အမှုလိုက်အကျိုးဆောင်အဖြစ် လုပ်ကိုင်ခြင်း၊ ၀င်ရောက်စွက်ဖက်၍ ငွေကြေး တောင်းခံခြင်း၊ အသင်းဝင်အဖြစ်လျှောက်ထား သူများထံမှ ၀င်ကြေးများကောက်ခံခြင်း၊ မြေယာကိစ္စများတွင် ပါ၀င်ပတ်သက်ခြင်း၊ ဒုစရိုက် လုပ်ငန်းလုပ်ကိုင်နေသူများထံမှ လစဉ်ကြေးများရယူ ခြင်းများရှိနေကြောင်းကိုလည်း  စိစစ်တွေ့ရှိ ရပါသည်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ မှုခင်းသတင်းထောက်များအပါအဝင် သတင်းထောက်အသင်းများသည် အသင်းအဖွဲ့ များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ မှတ်ပုံတင်ထားသောအဖွဲ့အစည်းဖြစ်၍ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ ၄ ပါ ပြဌာန်းချက်များကို လိုက်နာရန်ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိပါက ယင်းဥပဒေပုဒ်မ၆(စ) အရ မှတ်ပုံတင်လက်မှတ်လဲလှယ်ခြင်း၊ သက်တမ်း တိုးခြင်းကို ငြင်းပယ်ခြင်းခံရမည်ဖြစ်ပါသည်ဟု ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများနှင့် အသွင်သဏ္ဍာန်တူသော ၀တ်စုံများဝတ်ဆင်ခြင်းနှင့် ဥပဒေမဲ့ငွေကြေးတောင်းခံခြင်းများရှိပါက ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့အပေါ် စိစစ်တွေ့ရှိပါကတည်ဆဲ ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးမှ ဇန်နဝါရီလ ၁၈ ရက်က ကြေညာထားသည်။

မှုခင်းအထူးသတင်းထောက်အချို့တို့သည် ယူနီဖောင်းအမှတ်တံဆိပ်များဝတ်ဆင်ခြင်း၊ တံဆိပ်ပါသော ဦးထုပ်၊ ဘက်တံဆိပ်ပါသောအကျႌဝတ်ဆင်ခြင်းများ တွေ့ရှိနေရသည်။

ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် "  အချို့သောသတင်းထောက်များအနေဖြင့် သတင်းရယူဆောင်ရွက်ရာတွင် ဥပဒေနှင့် မညီသော ပြုလုပ်မှုများကြောင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှကျေနပ်မှုမရှိသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တည်ဆဲဥပဒေများအရ အရေးယူပေးရန် တိုင်ကြားမှု ၁၂ မှု ရှိခဲ့ပြီး သတင်းထောက် ၁၅ ဦး၊ မီဒီယာ အသင်းဝင် ၁ ဦး၊ စုစုပေါင်း ၁၆ ဦးတို့အား အရေးယူခဲ့ ရကြောင်း စိစစ်တွေ့ရှိရပါသည်" ဟုပါရှိပြီး အထက်ဖော်ပြပါ မှုခင်းအထူးသတင်းထောက်အချို့ကို ရည်ညွှန်းကြောင်း ဖော်ပြထားခြင်း မသိရှိရပေ။

မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်းမှ ၎င်းတို့အဖွဲ့သည် ပရဟိတအဖွဲ့သာ ဖြစ်ကြောင်း မဇ္ဈိမသို့ ဖြေဆိုထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required