လှိုင်သာယာအမှိုက်ပုံမီးကို Bio Foam ဖြင့် မီးငြှိမ်းနိုင်ခဲ့လျှင် စိုးရိမ်စရာမရှိနိုင်ဟုဆို

လှိုင်သာယာအမှိုက်ပုံမီးကို Bio Foam ဖြင့် မီးငြှိမ်းနိုင်ခဲ့လျှင် စိုးရိမ်စရာမရှိနိုင်ဟုဆို
ဓာတ်ပုံ - သူရ/မဇ္ဈိမ

 

ရန်ကုန်၊ ဧပြီ ၂၆ ။            ။ မီးခိုးမထွက်ဘဲ ငြှိမ်းသတ်နိုင်မည့် Bio Foam ဖြင့် လှိုင်သာယာမြို့နယ်ရှိ အမှိုက်ပုံမီးအား မီးငြှိမ်းသတ်မှု အစီအစဉ်မှာ အမှန်တကယ်ဆောင်ရွက်နိုင်မှသာ   ပြည်သူများအတွက် စိုးရိမ်ရန်မလို ကြောင်း ပြောလိုသည်ဟု ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ Bio Foam ဖြင့် ငြိမ်းသတ်နိုင်ရန် စီစဉ်နေပြီး ဧပြီလ ၂၁ ရက်နေ့မှ စတင်ပြီး ၆ ရက်ကြာ လောင်ကျွမ်းမှုတွင် မီးခိုးများ၊ ညှော်နံ့များကို အနီးနားပတ်ဝန်းကျင်မှ ခံစားရကာ ဧပြီလ ၂၄ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ရှိမြို့နယ်အများစုတွင် မီးခိုးညှော်နံ့များ ပျံ့နှံ့နေသည်။

Class A အမျိုးအစား Bio Foam ဆိုသည်မှာ ဓာတုဆေးရည်တစ်မျိုးဖြစ်ကာ မီးခိုးအထွက်နည်းစေရန်နှင့် မီးပြန်လည်မလောင်ကျွမ်းနိုင်သည့်ဂုဏ်သတ္တိရှိကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူး ဦးမျိုးဝင်းက မဇ္စျိမကို ရှင်းပြသည်။

ပြည်သူများအနေဖြင့် ယခုကဲ့သို့မီးလောင်မှုမျိုးကို ပထမဆုံးအကြိမ်တွေ့ဆုံရခြင်းဖြစ်၍ စိုးရိမ်သည်မှာ ဖြစ်သင့်ပြီး မစိုးရိမ်ရန်မပြောလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ က ပြောသည်။

"၀န်ကြီးချုပ်တို့ပြောခဲ့တဲ့ Bio Foam တို့ ပစ္စည်းတွေရပြီဆိုရင် ဒီဟာနဲ့ငြှိမ်းလိုက်ရင်မီးခိုးတွေမထွက်တော့ဘူး ဒီဟာတွေမခံစားရတော့ဘူး ဒါဆိုလို့ရှိရင်တော့ ဒီဟာကို ဒီရက်ပိုင်းအတွင်းမှာ ဆောင်ရွက်သွားနိုင်မယ် ဆိုရင်တော့ ပြည်သူတွေအနေနဲ့စိုးရိမ်စရာမရှိတော့ဘူးပေါ့လေ။ ဆောင်ရွက်နိုင်ရင်ပြောတာနော်။ ဆောင်ရွက်နိုင်ရင် ဆောင်ရွက်နိုင်ခဲ့ရင်ပြောတာ ။ ဒါပေမယ့်လောလောဆယ်ကတော့ ဒီအခြေအနေကတော့ ဒီနှစ်ရက်လောက်အတွင်းကိုတော့ ဒီဟာကတော့ခံစားကြရဦးမှာပေါ့"ဟု လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

လက်ရှိအချိန်တွင် လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်အချို့မှ မီးခိုးကြောင့်အသက်ရှုကြပ်သည့်လူနာ ၆၀ ဦးနှင့် အတွင်းလူနာ ၁၃ ဦး တို့ကို ကျန်းမာရေးစောင့်ရှောင့်မှုများပေးလျက်ရှိနေသည်။

မီးလောင်ပြီး နှစ်ရက်မြောက်နေ့ ဧပြီလ ၂၂ရက်နေ့တွင် မီးငြှိမ်းသတ်ရန်အတွက် အဆိုပါ Bio Foam ကို ကုမ္ပဏီတစ်ခုမှ ဂါလန် ၄၀ လှူဒါန်းခဲ့မှုကြောင့် ပက်ဖျန်ခဲ့သေးသည်။

"၂၂ ရက်နေ့ကသွားတဲ့အခါကျတော့ ၂၂ ရက်နေ့တစ်ရက်လုံးမှာဆရာ အဲဒီဘက်တစ်ကြောလေး ဖြတ်ချလိုက်တာ တစ်ရက်ပဲ သူက Chemical လေ သူကဟိုဟာနဲ့ဖြန်းတာ အမြင့်ပတ်မီးသတ်ကားရှိတယ် လှေကားနဲ့လေ လှေကားနဲထောင်မယ် မိုးရွာသလိုဖြန်းဖြန်းချတယ်"ဟု မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။

မီးသတ်တပ်ဖွဲ့အနေဖြင့် အဆိုပါနေရာတစ်ခုလုံးမီးငြှိမ်းသတ်နိုင်ရန် Bio Foam ဂါလန် ၅၀၀၀ လိုအပ်နေခြင်း ဖြစ်သော်လည်း ထိုင်းနိုင်ငံဘက်မှ ဂါလန် ၁၈၀၀ သာ ၀ယ်ယူနိုင်ခဲ့ပြီး  Bio Foam ရောက်ရှိလာပါကလည်း ဂါလန် ၃၂၀၀ လိုအပ်နေဦးမည်ဖြစ်သည်။

Bio Foam အတွက် ကုန်ကျစရိတ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဘတ်ဂျက်မှ ကျခံသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀၆ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၅၀ ဦး၊ တပ်မတော်သား ၁၅၀ ဦး စုစုပေါင်း အင်အား ၆၀၀ ကျော်ဖြင့် ငြှိမ်းသတ်နေပြီး ယာဉ်အစီးရေ ရ၃ စီး၊ အပေါ့စားရေစုပ်စက် အလုံး ၃၀ တို့ဖြင့် မီးငြိမ်းသတ်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required