ယူကရိန်းသမ္မတအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သူတစ်ဦးအား ဖော်ထုတ် တရားစွဲ

ယူကရိန်းသမ္မတအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သူတစ်ဦးအား ဖော်ထုတ် တရားစွဲ

 

မတ် ၁၀ ။            ။ ယူကရိန်းသမ္မတ ပက်ထရို ပေါ်ရိုရှန်ကိုအား လုပ်ကြံသတ်ဖြတ်ရန် အကွက်ချစီစဉ်ခဲ့သူတစ်ဦးအား မတ်လ ၉ ရက်က တရားစွဲဆိုလိုက်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခု တရားစွဲဆိုခံရသူမှာ ဗိုလိုဒီမီရာ ရူဘန် အမည်ရ အကျဉ်းသားလဲလှယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်သည်ဟု သိရသည်။ အသက် ၅၀ ခန့်ရှိပြီး ယူကရိန်းနိုင်ငံသားတစ်ဦးလည်းဖြစ်သည့် ရူဘင်သည် သမ္မတ ပေါ်ရိုရှန်ကိုအပြင် အခြားသော ယူကရိန်းထိပ်တန်းအရာရှိများကို လုပ်ကြံရန် စီစဉ်ခဲ့သူဖြစ်ကြောင်း သိရသည်။

ရူဘန်မှာ စက်သေနတ်နှင့် လက်ပစ်ဗုံးများကို သုံးပြီး အစိုးရအဖွဲ့နှင့် ပါလီမန်ကို တိုက်ခိုက်ရန် ကြံစည်ခဲ့ကြောင်း ကိယက်ဗ်မြို့မှ တရားသူကြီးတစ်ဦးက ပြောသည်။

သမ္မတနှင့် ထိပ်တန်းအရာရှိကြီးများကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သည့် အစီအစဉ်တစ်ခုလုံးကို ယူကရိန်းခွဲထွက်ရေးအုပ်စုခေါင်းဆောင်များက ကြိုးကိုင်စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ရုရှတို့လည်း နောက်ကွယ်ကနေ ပါဝင်ပတ်သတ်နေနိုင်ကြောင်း ယူကရိန်း လုံခြုံရေးဌာနမှ အကြီးအကဲ ဗက်ဆိုင်လ် ဂရိုင်ဆက်ခ်က ပြောသွားသည်။

" ကျွန်တော်တို့ ယူကရိန်းနိုင်ငံသားတွေ တွေ့ကြုံနေရတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ်ဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံးရောက်နေတယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်"  ဆိုပြီး ဂရိုင်ဆက်ခ်က ပြောသွားသည်။

သမ္မတအား လုပ်ကြံရန် ကြံစည်မှုဖြင့် တရားစွဲဆိုခံခဲ့ရသည့် ရူဘင်မှာ ၂၀၁၄ ခုနှစ်က စတင်ဖြစ်ပွားခဲ့ပြီး ယူကရိန်းအစိုးရတပ်နှင့် ရုရှလိုလားသော ခွဲထွက်ရေးသူပုန်များအကြား ငါးလတာစစ်ပွဲကာလအတွင်း အကျဉ်းသားလဲလှယ်ရေးအစီအစဉ်များ စီစဉ်ညှိနှိုင်းပေးခဲ့သူအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

ရူဘင်သည် ရုရှလိုလားသူတစ်ဦးဖြစ်သကဲ့သို့ ခွဲထွက်ရေးသူပုန်များအပေါ် ထောက်ခံသူတစ်ဦးဖြစ်ကြောင်း ယခင်ကာလများကတည်းက ယူကရိန်းမီဒီယာများတွင် ဖော်ထုတ်ရေးသားမှုများ ရှိထားခဲ့သည်။

၎င်းကို ပြီးခဲ့သည့် မတ်လ ၈ ရက် ထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိန်းသိမ်းခံရစဉ် ၎င်း၏ ကားအတွင်း၌ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း တစ်ပါတည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required