အမျိုးသမီးများကို မဖွယ်​မရာပြုလုပ်​သည်​ဟု ဖြန်​့​ဝေသူများကို ဗေဒင်ဆရာက ​​တရားစွဲမည်​

အမျိုးသမီးများကို မဖွယ်​မရာပြုလုပ်​သည်​ဟု ဖြန်​့​ဝေသူများကို ဗေဒင်ဆရာက ​​တရားစွဲမည်​

ရန်ကုန်၊ ဇန်နဝါရီလ ၃၁ ။           ။ အမျိုးသမီးများကို မဖွယ်မရာပြုလုပ်သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ကောလဟလ ဖြန့်ဝေသူများကို ဆက်လက်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း   ဗေဒင်ဆရာ အောင်ချစ်ပိုက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီးယနေ့ ဇန်နဝါရီလ ၃၁ ရက်၊ နံနက် ၁ဝ နာရီ၊ ကမ္ဘာအေးဘုရားဝင်းအတွင်းရှိ ဗေဒင်ဆရာစောရန်နိုင်ဆိုင်ခန်းအတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်   ဗေဒင်ဆရာ အောင်ချစ်ပိုက ပြောခဲ့ခြင်းဖြစ်သည်။

" သူတို့စွပ်စွဲထားတဲ့ကိစ္စတွေက ကျွန်တော်က ဟိုကိုင်ဒီကိုင်လုပ်ပါတယ်တဲ့။ ဟုတ်ပြီပဲထားဦး သူတို့အော်လို့ရတယ်၊ ပြောလို့ရတယ်။ နောက်ဆုံးဂေါပကကိုတိုင်လို့ရတယ်။ ရဲစခန်းမှာ အမှုဖွင့်လို့ရတယ်။ အဲ့ဒီတုန်းကမလုပ်ဘဲနဲ့ အခုမှထပြီးလုပ်တယ်။ အဲ့ဒီတော့ သူတို့ကိုလည်း ကျွန်တော်က ပြန်ပြီးတရားစွဲဦးမယ်"ဟု ဗေဒင်ဆရာ အောင်ချစ်ပိုကပြောသည်။

လက်ရှိတွင် အဆိုပါ ကောလဟလဖြန့်ဝေသူများကို တရားစွဲဆိုရန်အတွက် ရှေ့နေထံလွှဲအပ်ထားပြီဖြစ်ကြောင်းသိရသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုမှာ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ ကိုးထပ်ကြီး ဘုရားတွင် ဗေဒင်ဟော ခန်း ဖွင့်ထားသူဖြစ်ပြီး ဗေဒင်လာမေးသည့် အမျိုးသမီးများကို မဖွယ်မရာပြုလုပ်ခဲ့ကြောင်း အမျိုးသမီးအမည်ဖြင့် ဖေ့ဘုတ်စ်အကောင့်အချို့က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားတင်ခဲ့ခြင်းဖြစ်သည်။

ကိုးထပ်ကြီးဘုရားရှိ ဗေဒင်ဆိုင်ခန်းမှာ လူအများမြင်နိုင်သည့် မှန်အကြည်ဖြင့်ကာထားခြင်းဖြစ်ပြီး နေ့စဉ် လူဦးရေ ၄ဝ ခန့် ဗေဒင်လာမေးလျက်ရှိကြောင်း၊ ၎င်းအနေဖြင့် အမျိုးသမီးများကိုလည်း မဖွယ်မရာပြုလုပ်ခဲ့ခြင်းမရှိသည့်အတွက် ဆက်လက်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဗေဒင်ဆရာအောင်ချစ်ပိုက ဆိုသည်။

ထိုသို့လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားတင်မှုများနှင့်ပတ်သက်ပြီး "ကျွန်တော့်ရဲ့ အောင်မြင်မှု နာမည်ဂုဏ်သတင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တာ"ဟု ဗေဒင်ဆရာအောင်ချစ်ပိုက ပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီလ ၂၇ ရက်တွင်လည်း ဗေဒင်ဆရာအောင်ချစ်ပိုက Phyo Wai Win အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)ဖြင့် စမ်းချောင်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

အမှုဖွင့်တိုင်ကြားခံရသည့် Phyo Wai Win အကောင့်ပေါ်တွင် “ဗေဒင်ဟောတယ်ဆိုပြီး မိန်းကလေးတွေကို ဟိုကိုင်ဒီကိုင်လုပ်တဲ့ ကိုးထပ်ကြီးဘုရားက အောင်ချစ်ပို ဗေဒင်ခန်းအကြောင်း ဒါမျိုးတွေကျတော့ရော ကြည့် ကောင်းနေကြသလား "ဟု ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ Phyo Wai Win အကောင့်အား အမှုဖွင့်တိုင်ကြားထားခြင်းနှင့်ပတ်သက်ပြီး ကျေနပ်သည့်အထိတရားဝင်ပြန်တောင်းပန်ပါက ကျေအေးပေးသွားမည်ဖြစ်ကြောင်း   ဗေဒင်ဆရာအောင်ချစ်ပိုပြောသည်။

" တရားဝင်တောင်းပန်ရင်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်က ချစ်ခြင်း၊မုန်းခြင်းမှ မရှိတာ။ နောက်ပြီးတော့ ပုဂ္ဂိုလ်ရေးအရလည်း ဘာမှမရှိဘူး"ဟု ၎င်းက ပြောသည်။

လက်ရှိတွင်ကေခိုင်မြင့်မြတ်အကောင့်ပိုင်ရှင်ကလည်း ဗေဒင်ဆရာအောင်ချစ်ပိုအား စမ်းချောင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည့်အတွက် ၎င်းအနေဖြင့်ရင်ဆိုင်သွားမည်ဖြစ်သည့်အပြင် ပြန်လည်တရားစွဲဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required