အစိုးရကို ဝေဖန်သည့် အနုပညာရှင်များကို နာမည်ပျက်စာရင်းသွင်းခဲ့မှုဖြင့် တောင်ကိုရီးယားဝန်ကြီးဟောင်းတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

အစိုးရကို ဝေဖန်သည့် အနုပညာရှင်များကို နာမည်ပျက်စာရင်းသွင်းခဲ့မှုဖြင့် တောင်ကိုရီးယားဝန်ကြီးဟောင်းတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

ဇန်နဝါရီ ၂၃ ။         ။ ဖြုတ်ချခံ သမ္မတဟောင်း ပက်ဂွမ်ဟေးအစိုးရအပေါ် မထောက်ခံဘဲ ဝေဖန်တိုက်ခိုက်ခဲ့ကြသည့် အနုပညာသည် ၁၀,၀၀၀ ကျော်ကို နာမည်ပျက်စာရင်းသွင်းခဲ့သည့်ကိစ္စတွင် အဓိက ပါဝင်ပတ်သက်ခဲ့သည့် တောင်ကိုရီးယား ယဉ်ကျေးမှုဝန်ကြီးဟောင်း ချိုယွန်ဆွန်းကို ယခုအခါ တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ဝန်ကြီးဟောင်း ချို သည် သမ္မတဟောင်း ပက်ဂွမ်ဟေး လက်ထက်က သူမတို့ အစိုးရအပေါ် ဝေဖန်တိုက်ခိုက်ခဲ့သူ အနုပညာရှင်အများအပြားကို တမင် ပစ်မှတ်ထား နာမည်ပျက်စာရင်းသွင်းပြီး ဖိနှိပ်ရန် ကြိုးစားခဲ့သည်ကိုတွေ့ရကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ယင်းကိစ္စဖြင့် စွပ်စွဲပြစ်တင်ခံခဲ့ရသည့် ချိုသည် ပြီးခဲ့သည့် ကာလက သေးငယ်သည့် အခြားပြစ်မှုများဖြင့် ဆိုင်းငံ့ပြစ်ဒဏ်တစ်ခုသာ ကျခံခဲ့ရပြီး ပြီးခဲ့သည့် ဇူလိုင်လက အမှုက တရားသေလွတ်မြောက်လာခဲ့ပြီးနောက်  အစိုးရရှေ့နေများက သူမ၏ အမှုကို တဖန် ပြန်လည် အယူခံဝင်တင်ပြခဲ့ကြခြင်း ဖြစ်သည်။

ယင်းအပြင် သမ္မတဟောင်း ပက်၏ လက်ထောက်ဟောင်းတစ်ဦးဖြစ်သည့် ကင်မ်ကီချွန်း ၏ ထောင်ဒဏ်ပြစ်ဒဏ်ကိုလည်း ဆိုးလ်မြို့ အထက်တရားရုံးက သုံးနှစ်မှ လေးနှစ်အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။

၂၀၁၆ ယဉ်ကျေးမှုဝန်ကြီးမဖြစ်ခင်က ချိုသည် သမ္မတဟောင်း ပက်၏ မူဝါဒဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည့်အတွက် ယခုကိစ္စတွင် အနုပညာသည်တစ်ချို့ကို နာမည်ပျက်စာရင်းသွင်းပြီး အစိုးရထောက်ပံ့မှု ရပ်ဆိုင်းအောင် ပူးပေါင်းကြိုးပမ်းခဲ့သည်ကို ထင်ထင်ရှားရှားတွေ့ရကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

အစိုးရအပေါ် ဝေဖန်သည့် အနုပညာရှင်များကို နာမည်ပျက်စာရင်းသွင်းခြင်းအားဖြင့် ၎င်းတို့ကို နိုင်ငံတော် ထောက်ပံ့မှုများ မရရှိစေတော့သည့်အပြင် စောင့်ကြည့်ခံ အခြေအနေသို့ ရောက်ရှိသွားစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required