အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လူထုလှုပ်ရှားမှု စုပေါင်းစက်ဘီးစီးနင်းပွဲ ပြုလုပ်ခဲ့

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လူထုလှုပ်ရှားမှု စုပေါင်းစက်ဘီးစီးနင်းပွဲ ပြုလုပ်ခဲ့

 

ဒီဇင်ဘာလ ၁၀ရက်နေ့က ကျရောက်ခဲ့သော "အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့"ကို ဂုဏ်ပြုသောအားဖြင့် Civil Authorized Negotiate Organization(C.A.N-Myanmar)အဖွဲ့နှင့် မန္တလေးမြို့ပေါ်ရှိ အရပ်ဖက် အဖွဲ့အစည်းများပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဂုဏ်ပြုအထိမ်းအမှတ် လူထုလှုပ်ရှားမှု စုပေါင်းစက်ဘီးစီးနင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ရနာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆×၆၈လမ်းထောင့်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ လျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးအောင်ဝင်း၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးဝေဇင်တို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီဝင်များ၊ Civil Authorized Negotiate Organization(C.A.N-Myanmar)အဖွဲ့ ဥက္ကဋ္ဌ ဆည်းဆာညီညီ၊ Jefferson Center ညွှန်ကြားရေးမှူး ဦးစောကြင်စိန်၊ Community Center(Mandalay) တာဝန်ခံဦးမိုးမင်းအောင်တို့နှင့် မန္တလေးမြို့ပေါ်ရှိ အရပ်ဖက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ အခြားဖိတ်ကြားထားသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား၍ Equality Myanmar အဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက "အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့"သမိုင်းကြောင်းကို ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီးဒေါက်တာယုယုမေတို့နှင့် တာဝန်ရှိသူများက လူထုလှုပ်ရှားမှုကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဝန်ကြီးချုပ် အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စုစုပေါင်း(၄၀၀)ဦးခန့်က စက်ဘီးများဖြင့် ၂၆လမ်းအတိုင်း လမ်း၈၀အထိ၊ ၎င်းမှ ၁၂လမ်းထိ၊ ၁၂လမ်းအတိုင်း ၆၆လမ်းထိ၊ ၎င်းမှ ၂၆လမ်းထိ၊ ၂၆လမ်းမှ ၂၆×၆၈လမ်းထောင့်အထိ လူထုလှုပ်ရှားမှု အဖြစ် စုပေါင်းစက်ဘီးစီးနင်းခဲ့ကြသည်။

ကမ္ဘာ့ကုလသမဂ္ဂသည် ၁၉၄၈ခုနှစ်၊ဒီဇင်ဘာလ၁၀ရက်နေ့တွင် ကမ္ဘာပေါ်ရှိနိုင်ငံတိုင်း မဖြစ်မနေ လိုက်နာသင့် သည့် လူ့အခွင့်အရေးဆိုင်ရာအပိုဒ် (၃၀) ပါ အပြည်််ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာ စာတမ်းကို အတည်ပြု ပြဌာန်းနိုင်ခဲ့သည်။ ၁၉၅၀ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ ထို ဒီဇင်ဘာလ(၁၀) ရက်နေ့ကို လေးစားဂုဏ်ပြုသောအားဖြင့် "အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့"အဖြစ် သတ်မှတ်ကာ လူသား အားလုံး၏ အခွင့်အရေးကို တန်ဖိုးထားဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဒီဇင်ဘာလ(၁၀) ရက်နေ့ ရောက်တိုင်း ကမ္ဘာတဝှမ်းရှိနိုင်ငံအသီးသီးတွင် လူ့အခွင့်အရေးနေ့အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန်၊ ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ရန်တို့မှာ နိုင်ငံအစိုးရတိုင်း တာဝန်သာမက လူသားတိုင်း၏ တာဝန်ဖြစ်ကြောင်း နိုင်ငံတကာကလက်ခံလာခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို တွန်းလှန်ရန်နှင့် ချိုးဖောက်မှုများပပျောက်အောင်ကြိုးပမ်းဆောင်ရွက်ရန်မှာ လူတိိုင်း၏တာဝန်ဖြစ်ကြောင်း အသိပညာပေးမှုများ၊ တိုက်တွန်းလှုံ့ဆော်မှုများကို လုပ်ဆောင်နေလျက်ရှိသည်။

တစ်ဖက်မှာလဲ လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်၊ လိင်၊ လိင်စိတ်ခံယူချက်၊ အဆင့်အတန်း မတူညီမှုများအပေါ် အခြေခံသည့် ခွဲခြားဆက်ဆံမှုများ၊ အကြမ်းဖက်မှုများမှာလည်း ဆက်လက်ဖြစ်ပွားနေ လျက်ရှိသေးသည်။ ထို့ကြောင့် လူ့အခွင့့်အရေးယဉ်ကျေးမှုထွန်းကားပြီး ငြိမ်းချမ်းသောကမ္ဘာကြီးကို တည်ဆောက်နိုင်ရန်ရည်ရွယ်၍ “ လူ့အခွင့်အရေးအတွက်ရပ်တည်ကြ #standup4humanrights “ ဆိုသည့် ဆောင်ပုဒ်ကို ၂၀၁၇ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဆောင်ပုဒ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂကရွေးချယ်ထားသည်။

လူ့အခွင့်အရေးကို အမှန်တကယ်ရရှိခံစားနိုင်အောင်လုပ်ဆောင်ရာတွင် လူသားတိုင်း မားမားမတ်မတ် ရပ်တည်ကာကွယ်နိုင်ရန် တိုက်တွန်းလိုသောရည်ရွယ်ချက်ဖြင့် ယခုဆောင်ပုဒ်ကို   ရွေးချယ်ခဲ့ခြင်းဖြစ်ကာ လူ့အခွင့်အရေးအတွက် ရပ်တည်လုပ်ဆောင်ရာတွင် ယနေ့ခေတ်စားနေသော ဆိုရှယ်မီဒီယာများ၏ အားကောင်းမှုကို အကျိုးရှိရှိအသုံးပြုလုပ်ဆောင်နိုင်ရန် တိုက်တွန်းသည့်အနေဖြင့် (#) သင်္ကေတကို ထည့်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required