ထိုင်းပြည်သူတွေ ကြိမ်မီးအုံးပမာ ခံစားရတဲ့ ဘုရင်ကြီး ရုပ်ကလာပ်တော် မီးသဂြိုလ်မှုအပြီး အရိုးပြာကောက် အခမ်းအနား

ထိုင်းပြည်သူတွေ ကြိမ်မီးအုံးပမာ ခံစားရတဲ့ ဘုရင်ကြီး ရုပ်ကလာပ်တော် မီးသဂြိုလ်မှုအပြီး အရိုးပြာကောက် အခမ်းအနား

ဘန်ကောက်၊ အောက်တိုဘာ ၂၇ ။         ။ ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ငါးရက်တာ ဈာပနတော်အခမ်းအနားရဲ့ အောက်တိုဘာ ၂၇ ရက်မှာ ဘုရင်ကြီးရဲ့ အရိုးပြာ ကောက်ယူမှု အခမ်းအနား စပါတယ်။

ဘုရင်ကြီးကို အောက်တိုဘာ ၂၆ ရက် ည ဆယ်နာရီမှာ မီးသဂြိုလ်ခဲ့တာဖြစ်ပြီး အနက်ရောင်များ ဝတ်ဆင်ထားကြတဲ့ ဝမ်းနည်းပူဆွေးနေကြတဲ့ ထိုင်းပြည်သူ သုံးသိန်းကျော် ဘုရင်ကြီးရဲ့ ဈာပနကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘုရင်ကြီးဘူမိဘောသာ ပြီးခဲ့တဲ့နှစ် သက်တော် ၈၈ နှစ်မှာ နတ်ရွာစံကွယ်လွန်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ထီးနန်းစိုးစံသက် အရှည်ကြာဆုံး ဘုရင်ကြီးတစ်ပါးပါ။ ထိုင်းရဲ့ ခေတ်သစ်သမိုင်းမှာ အာဏာသိမ်းမှုတွေ၊ ကျောင်းသားဆန္ဒပြသူတွေကို အသေအဆုံးများတဲ့ ဖြိုခွင်းမှုတွေ၊ သဘာဝဘေးတွေနဲ့ ဒေသတွင်း ငွေကြေးကပ်ဆိုက်ချိန်တွေ စတဲ့ နိုင်ငံရေးကသုန်းကနင်းတွေ ဖြစ်ခဲ့ချိန်မှာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ရတဲ့ ဘုရင်ကြီးတစ်ပါးပါ။

သားတော် ဘုရင် မဟာဝါဇီရာလောင်ကွန်က ဘုရင်ကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးပြာကို စုကောက်ယူမှုမှာ ဦးစီးသဘာပတိမူပါတယ်။

ဈာပနလောင်တိုက်တော်မှ ကောင်းကင်ကို မီးခိုးတွေ လွင့်တက်နေတာကို ဝမ်းနည်းစိတ်မကောင်းစွာ မျှော်ကြည့်နေကြသေးတဲ့ ထိုင်းပြည်သူ များစွာလည်း ရှိနေပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၉၀ အကုန်အကျခံ တည်ဆောက်ထားတဲ့ ရွှေရောင်ခမ်းနားထည်ဝါတဲ့ လောင်တိုက်တော်မှာ ဘုရင်ကြီးကို မီးသဂြိုလ်အခမ်းအနားအဆုံး ဖြေမဆည်နိုင်တဲ့ ပြည်သူတစ်ချို့ဟာ မျက်ရည်ယိုစိမ့် ငိုကြွေးကြပါတယ်။ ထိုင်းပြည်သူတွေ လေးစားချစ်မြတ်နိုးတဲ့ ဘုရင်ကြီးကို နောက်ဆုံးအရိုအသေပြုတဲ့ အနေနဲ့လည်း ပြည်သူတစ်ချို့ဟာ ခရီးမိုင်များစွာ ခရီးထွက်ခွာသွားလာကြတာလည်းဖြစ်သည်။

ဒီကနေ့ အောက်တိုဘာ ၂၇ ရက် နံနက်ချိန်မှာ နေရောင်ခတဲ့ ထီးဖြူတော်တွေ၊ ရွှေထီးတွေရဲ့ အရောင်ဟပ်တဲ့ အောက်မှာ သားတော် ဝါဇီရာလောင်ကွန်းက ဖခမည်းတော် ဘုရင်ကြီး ကြွင်းကျန်အရိုးပြာကို ကောက်ယူတဲ့ အခမ်းအနားကို ဦးဆောင်နေပါတယ်။ ဘုရင်ကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးတွေကို မဟာဝါဇီရာလောင်ကွန်းက ရွှေရည်ငွေရည် ပက်ဖျန်းလို့နေတဲ့ ခုအခမ်းအနားကို ထိုင်းဂီတတေးသံတွေနဲ့အတူ ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်လို့လည်း နေပါတယ်။

ဘုရင်ကြီးရဲ့ အရိုးအိုးကို ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးက သိဒ္ဓိတင် ရွတ်ဖက်ပါတယ်။ ဘုရင်ကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးအိုးကို ကံတော်ကုန်ပြီးချိန်ကစလို့ ရုပ်ကလာပ်တော် ထားခဲ့ရာ တော်ဝင်နန်းတော်ရာကို ပို့ဆောင်မှာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required