ဒေးဗစ်လူးဝစ္စနှင့် ဘာကာယိုကိုတို့ ထပ်မံဒဏ်ရာရရှိခဲ့သောကြောင့် ချယ်လ်ဆီးအသင်း အခက်တွေ့

ဒေးဗစ်လူးဝစ္စနှင့် ဘာကာယိုကိုတို့ ထပ်မံဒဏ်ရာရရှိခဲ့သောကြောင့် ချယ်လ်ဆီးအသင်း အခက်တွေ့

အောက်တိုဘာ ၁၉၊ အင်္ဂလန် ။          ။ ချယ်လ်ဆီးအသင်းနှင့်ရိုးမားအသင်းတို့ သုံးဂိုးစီသရေကျခဲ့သည့်ပွဲတွင် ချယ်လ်ဆီးအသင်းနောက်ခံလူ ဒေးဗစ်လူးဝစ္စနှင့်ကွင်းလယ်လူ ဘာကာယိုကိုတို့ ဒဏ်ရာ ရရှိခဲ့ကြသည်။

လူးဝစ္စမှာ ခြေသလုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဘာကာယိုကိုမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးတွင် ကွင်းလယ်အဖျက်ကစားသမားများဖြစ်သည့် ကန်တီနှင့်ဒရင့်ဝါတာတို့မှာ ဒဏ်ရာရရှိနေကြသည့်အတွက် လူးဝစ္စနှင့် ဘာကာယိုကိုတို့ ထပ်မံဒဏ်ရာရရှိခဲ့ခြင်းသည် ချယ်လ်ဆီးကွင်းလယ်ခံစစ်ပိုင်းအတွက် ကြီးမားသည့် ထိုးနှက်မှု ဖြစ်လာခဲ့သည်။

“လူးဝစ္စရဲ့ ခြေသလုံးမှာ ဒဏ်ရာပြဿနာအနည်းငယ်ရှိနေပါတယ်။ လက်ရှိအခြေအနေမှာ ကျွန်တော့်ကစားသမားတွေအတွက် မစွန့်စားချင်ပါဘူး။ မပြောင်းလဲတဲ့ ကစားသမားစာရင်းနဲ့ အမြဲတမ်းကစားနေရလို့ ကစားသမားတွေနဲ့ပတ်သက်ပြီး မစွန့်စားချင်ပါဘူး။

ဘာကာယိုကိုကလည်း ပေါင်ခြံဒဏ်ရာရရှိခဲ့ပါတယ်။ သူ့အခြေအနေကလည်း ကာလရှည်တောင်အနားယူသွားရနိုင်ပါတယ်” ဟု ချယ်လ်ဆီးနည်းပြကွန်တီက ပြောဆိုခဲ့သည်။

ကွန်တီအနေဖြင့် လာမည့် စနေနေ့တွင် ဝက်ဖို့ဒ်နှင့်ယှဉ်ပြိုင်ရမည့်ပွဲ၌ ကစားသမားများကို နေရာသစ်များတွင် ပြောင်းလဲကစားရခိုင်းဖွယ်ရှိနေသည်။ ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်တွင် မန်စီးတီးနှင့် ပဲလေ့စ်တို့ကို ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required