“ သူရဦးရွှေမန်းရဲ့ ကံကြမ္မာ ဘာဆက်ဖြစ်လာမလဲ ”

“ သူရဦးရွှေမန်းရဲ့ ကံကြမ္မာ ဘာဆက်ဖြစ်လာမလဲ ”

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွင်း သူရဦးရွှေမန်းနဲ့ သူ့ကို ထောက်ခံသူ တချို့ကို ဖယ်ရှားပြီး ခေါင်းဆောင်ပိုင်း အပြောင်းအလဲ လုပ်ခဲ့ပြီးပါပြီ။ အသစ်ပြန်ဖွဲ့ စည်းလိုက်   တဲ့ခေါင်းဆောင်ပိုင်းမှာ ပူပူနွေးနွေး အငြိမ်းစားယူပြီးကာစ တပ်မတော် ထိပ်တန်း ခေါင်းဆောင်တွေ ပါသလို အစိုးရဝန်ကြီး၊ ဒုဝန်ကြီးတွေပါ ရာထူးကနေ နုတ်ထွက်ပြီး တာဝန်ယူ ထားကြတာတွေ့ရပါ တယ်။

တပ်မတော်နဲ့ အစိုးရဘက်ကတော့ ပြည်ခိုင်ဖြိုးပါတီကို အရ ပြန်ယူ နိုင်လိုက်ပါပြီ။ ဒီအချိန်မှာ အားလုံး စိတ်ဝင်စားနေကြတာကတော့ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ ကံကြမ္မာပါ။ သူ့ကံကြမ္မာ အကြောင်းအမျိုးမျိုး ထင်ကြေးပေး ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးကြည့်ကြရ အောင်ပါ။

သြဂုတ်လ ၁၃ ရက်နေ့ နေပြည်တော် ပြည်ခိုင်ဖြိုး ဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာတော့ ပါတီပြန်ကြားရေး တာဝန်ရှိသူတွေက သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားလိုက်ပေ မယ့် သူဟာ ရိုးရိုးပါတီဝင်အဖြစ်နဲ့ ဆက်ရှိနေသေးတယ်၊ ဖြူးမြို့နယ် ပြည်ခိုင်ဖြိုး အမတ်လောင်း အဖြစ် ဆက်ရပ်တည်နေသေးတယ်လို့ ပြောပါတယ်။ ဒါ့အပြင် လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေရာတွေ မှာလည်း ဆက်ရှိနေသေးတယ်လို့ ဆိုပါတယ်။ တကယ်တော့ လက်ရှိ တပ်မတော်နဲ့ အစိုးရဘက်က ကိုင်တွယ်ပုံတွေကို ကြည့်ရင် ပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်မှုနေ ရာကို ပြန်ပြီးရယူလိုက်တာဟာ ပထမ အဆင့်ပဲ ဖြစ်ပုံရပါတယ်။ ပါတီကို အပြည့်အဝ စီမံကွပ်ကဲ နိုင်ဖို့ နောက်ထပ် ထုတ်ပယ်မှုတွေ၊ သန့်စင်မှုတွေ တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားနိုင်ပါသေးတယ်။

ဒီလို လုပ်ကိုင်ဆောင်ရွက်ပြီးတဲ့ နောက်မှာတော့ သူရဦးရွှေမန်းကို လွှတ်တော်နာယက အဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဆက်ပြီး တည်ရှိစေလိုမှာ မဟုတ်တာကတော့ အလွန်သေချာပါ တယ်။ မေးစရာ မေးခွန်းကတော့ သူရဦးရွှေမန်းကို အဲဒီနေရာကနေ ဘယ်လိုနည်းနဲ့ ဖယ်ရှားမှာလဲ ဆိုတာပါ။ ခုဆို တဆက်တည်း နောက်ထပ် ခြေလှမ်းတစ်ခု စပါပြီ။

အဲဒါကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ကနေ လွှတ်တော်နာယက ဆီကို အမတ်တာဝန် ကနေ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပေးဖို့ (၄) ကြိမ်မြောက် အကြောင်း ကြားစာ ပေးပို့လိုက်တာပါ။ အစိုးရပိုင် သတင်းစာတွေမှာ အဲဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားတာ တွေ့ရပါတယ်။

အကြမ်းဖျင်းအနေနဲ့ ပြောရရင် ဒီဥပဒေ ပြဋ္ဌာန်းရမယ်ဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါပြီး ဖြစ်ပါတယ်။ ဒီအတွက် ရွေးကောက်ပွဲ ကော်မရှင်ဟာ ဥပဒေကြမ်းပြုစုပြီး ၂၀၁၂ သြဂုတ် လမှာ လွှတ်တော် ကိုပေးပို့ခဲ့ပါတယ်။ နောက်ပိုင်း အဲဒီဥပဒေ ပြဋ္ဌာန်းပေးဖို့ ၂၀၁၃ သြဂုတ်မှာ တစ်ကြိမ်၊ ၂၀၁၅ ဇူလိုင် ၃ ရက်မှာ တစ်ကြိမ် လွှတ်တော်နာယကဆီ စာပေးပို့ အကြောင်းကြားခဲ့ သေးတယ် လို့လည်း ဆိုပါတယ်။

တကယ်တော့ အဲဒီ ဥပဒေကြမ်း လွှတ်တော်ထဲ ရောက်ပြီး ကာလတစ်ခု မဆွေးနွေးသေးဘဲ ဆိုင်းထားတာ တွေ့ရပါတယ်။ နောက်ပိုင်း ကော်မရှင်ဘက်က တောင်းဆိုလာတာရှိမှ ပြည်သူ့လွှတ်တော်မှာ အရင်ဆွေးနွေး အတည်ပြုပါတယ်။ နောက် အမျိုး သား လွှတ်တော်ဘက်မှာ ဆွေးနွေးပြီး ပြင်ဆင်ချက်တချို့ လုပ်ပါတယ်။ လွှတ်တော် နှစ်ရပ် သဘောထားကွဲလွဲတဲ့အတွက် ကွဲလွဲတဲ့ အချက်တွေကို လည်း ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးပြီးပါပြီ။ ပုံမှန်အားဖြင့် ဆိုရင်တော့ ဒါကို မဲခွဲပြီး အတည်ပြုဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်းဟာ ဥပဒေကြမ်းတစ်ခု အဲဒီအခြေအနေ ရောက်သည်အထိ အတည်မပြုသေးဘဲ “ နိုင်ငံရေးပါတီများအကြား ဆက်ဆွေးနွေးပါဦး” ဆိုတဲ့ မှတ်ချက်နဲ့ ပြန်ပြီး အချိန်ဆွဲထားတဲ့ ဥပဒေ ဖြစ်ပါတယ်။

တကယ်တော့ ဒီဥပဒေကို အသုံးပြုပြီး သူရဦးရွှေမန်းကို လွှတ်တော်ရာထူးကနေ ဖယ်ရှား မယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာကတော့ နှစ်နဲ့ချီ ရှိနေပါပြီ။ သူရဦးရွှေမန်း ကိုယ်တိုင်ကလည်း ဒါကို သိရှိထား ပုံရပါတယ်။ ဒါပေမယ့် လွှတ်တော်နာယက တစ်ယောက်အနေနဲ့ ဒီဥပဒေ ကို ပြဋ္ဌာန်းမယ့် ကိစ္စ အချိန်ဆွဲထားတာကြောင့် တစ်ဖက်အင်အားစုတွေ မလုပ်နိုင်၊ မကိုင်နိုင် ဖြစ်ရ တာပါ။

ဥပဒေရဲ့ သဘောအရ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတစ်ခုက ရွေးချယ်ထားတဲ့ အမတ်တစ် ယောက်ကို အဲဒီ မဲဆန္ဒနယ်က မဲဆန္ဒရှင် ပြည်သူ ၁ ရာခိုင်နှုန်းနဲ့ အထက်က တိုင်ကြားမယ် ဆိုရင် တိုင်ကြားမှု ကိုရွေးကောက်ပွဲကော်မရှင်က စိစစ်ရမယ်လို့ ဆိုပါတယ်။ စိစစ်ပြီး စစ်ဆေးသင့်တယ် ဆိုရင် ကော်မရှင်က ခုံရုံးဖွဲ့ရမှာ ဖြစ်ပါတယ်။ ခုံရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ရင်တော့ အဲဒီ အမတ်ဟာ အမတ် အဖြစ်ကနေ ရပ်စဲခံရနိုင်ပါတယ်။

လက်ရှိအခြေအနေ လွှတ်တော်ဘက်ကသာ ဒီဥပဒေကို ပြဋ္ဌာန်းပေးလိုက်ရင် သမ္မတ ဦးသိန်းစိန်က မြန်မြန်ဆန်ဆန် လက်မှတ်ရေးထိုး ထုတ်ပြန်၊ ကော်မရှင်ဘက်က နည်းဥပဒေ မြန်မြန်ပြဋ္ဌာန်းပြီး သူရဦးရွှေမန်းကို မြန်မြန်ဆန်ဆန် အရေးယူနိုင်ပါတယ်။ ဒီအတွက် သူရဦးရွှေမန်းရဲ့ မဲဆန္ဒနယ်မြေက မဲဆန္ဒရှင်တွေရဲ့ တိုင်ကြား ချက် ဆိုတာကလည်း အသင့်ရှိနေပြီးသား ဖြစ်နေလို့ပါ။

တကယ်တော့ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက တိုင်ကြားရင် အဲဒီအမတ်ကိစ္စ ကော်မရှင်က စိစစ်ရမယ်ဆိုတဲ့အချက် ဖွဲ့စည်းပုံကနေ လုံးဝပယ်ဖျက်ဖို့ သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုး အမတ်တွေ ကြိုးစားခဲ့ကြပါသေး တယ်။ ဒီနေရာမှာ အင်န်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီတွေရဲ့ သဘောထား ကို သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုးပါတီက လျစ်လျူရှုခဲ့ပါတယ်။ အင်န်အယ်လ်ဒီနဲ့ တိုင်းရင်းသား ပါတီတွေ တင်ပြတာက အမတ် တစ်ယောက်ကို သူ့မဲဆန္ဒနယ်မြေက ပြည်သူလူထုက ပြန်ဖြုတ် ချခွင့်ရှိတယ်ဆိုတာ ဒီမိုကရေစီကျင့်စဉ်ပဲ၊ ဒါပေမယ့် တစ် ရာခိုင်နှုန်းကတော့ နည်းနေတယ်၊ တစ်ရာခိုင်နှုန်းပဲဆို ပြဿနာ အမျိုးမျိုး ပေါ်နိုင်တယ်၊ ဒါကြောင့် မဲဆန္ဒရှင် ၂၀-၃၀- ရာခိုင်နှုန်း တစ်ခုခု ပြင်ဆင် သတ်မှတ်သင့်တယ်ဆိုပြီး ဖြစ်ပါတယ်။ နောက်ဆုံး သူရဦးရွှေမန်းနဲ့ ပြည်ခိုင် ဖြိုးဘက်က တင်တဲ့ အမတ်တွေကို မဲဆန္ဒရှင် တစ် ရာခိုင်နှုန်းက စွပ်စွဲပြစ်တင်နိုင်တာကို ပယ်ဖျက်မယ့်အဆိုကို တပ်မတော်သား အမတ်တွေက ပယ်ချလို့ ရှုံးနိမ့်ခဲ့ရပါတယ်။ အဓိပ္ပာယ် ကတော့ သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုး အမတ်တွေဟာ ကိုယ့်ရှူးကိုယ်ပတ်တာဖြစ်ပါ တယ်။ အင်န်အယ်လ်ဒီနဲ့ တိုင်းရင်းသားတွေ တင်ပြတဲ့ လက်တွေ့ကျတဲ့ အဆိုကိုသာ အလေးဂရုပြုခဲ့မယ် ဆိုရင် အခုလို ကြုံချင်မှ ကြုံရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ခုဆိုရင် တပ်မတော်မှာ နှစ်ပေါင်းများစွာ အဆင့်မြင့် ထိပ်တန်းရာထူး ရယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဟာ တပ်မတော်ဘက်က ဘာကို လိုချင်တယ်ဆိုတာ အသေအချာ သဘောပေါက် နေလောက်ပါပြီ။ ဒီအတွက် သူ့ကံကြမ္မာ ဘယ်လိုဖြစ်မယ်ဆိုတာ သူကိုယ်တိုင် ရွေးချယ်နိုင်ပါလိမ့်မယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်၊ ရင်းနှီးတယ် ဆိုတာ က လွဲပြီး ဒီမိုကရေစီ ဘက်တော်သား၊ ဒီမိုကရေစီ သူရဲကောင်း တစ်ယောက်လည်း မဟုတ်တာမို့ သူ တစ်စုံတစ်ရာ အရေးယူခံရတဲ့တိုင် ပြည်သူတွေ လမ်းပေါ်ထွက်ဆန္ဒပြ အရေးဆိုတာမျိုး ရှိလာ လိမ့်မယ် မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Mizzima Weekly

Tags