ဇူလိုင်လအတွင်း ရေဘေးကြောင့် လူဦးရေ တစ်သိန်းသုံးသောင်းကျော် ပြောင်းရွှေ့ခဲ့ရ

ဇူလိုင်လအတွင်း ရေဘေးကြောင့် လူဦးရေ တစ်သိန်းသုံးသောင်းကျော် ပြောင်းရွှေ့ခဲ့ရ

ရန်ကုန် ၊ ဇူလိုင် ၂၆ ။             ။ ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုများကြောင့် လူဦးရေ တစ်သိန်း သုံးသောင်းကျော် ရွှေ့ပြောင်းခဲ့ရသည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ က သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ရေကြီးရေလျှံမှုကို ဆက်လက်ခံစားနေရပြီး ဇူလိုင် ၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ရေဘေးသင့် ပြည်သူများ၏ စာရင်းကို ယမန်နေ့က တရားဝင်ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းဒေသကြီးနှင့်  ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုတွင် အိမ်ထောင်စု ၃၂,၈၅၉  ၊ လူဦးရေ ပေါင်း ၁၃၄, ၅၉၁ တို့သည် ရေဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။

ရေဘေးသင့်ဒေသများအနက် မကွေးတိုင်းဒေသကြီးသည် အဆိုးရွားဆုံးဒေသဖြစ်ပြီး ဒေသခံလူဦးရေ ၉၀,၄၁၇ ဦး နေရပ်ရွေ့ပြောင်းခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။ ရေဘေးကာလ ကယ်ဆယ်ရေးများအတွက် ထောက်ပံ့ကြေး ငွေကျပ် သိန်း ၁,၇၀၀ ကျော် သုံးစွဲထားသည်ဟု လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ပဲခူးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး နှင့် ကရင်၊မွန်၊ ချင်း၊ရခိုင်ပြည်နယ်တို့တွင် မြစ်ရေကြီးခြင်း ၊ နေရာကွက်ကြား မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် ရေကြီး နစ်မြှုပ်မှုဒဏ် ခံနေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required