ဂရိငလျင်တွင် ဆွီဒင်နှင့် တူရကီနှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၃၆၀ နီးပါးရှိ

ဂရိငလျင်တွင် ဆွီဒင်နှင့် တူရကီနှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၃၆၀ နီးပါးရှိ

အေသင်၊ ဇူလိုင် ၂၁ ။           ။ ဂရိနှင့် တူရကီ အေဂျီယန်ကျွန်းတွင် လှုပ်ခဲ့သော ရစ်ချ်တာစကေး ၆ ဒဿမ ရ အဆင့်ရှိ ငလျင်ကြောင့် တူရကီအပန်းဖြေကျွန်း ဘော့ဒရမ်တွင် ထိခိုက်ဒဏ်ရာရသူပေါင်း ၃၆၀ နီးပါးရှိခဲ့သည်ဟု တူရကီကျန်းမာရေးဝန်ကြီးက ဇူလိုင် ၂၁ ရက်တွင် ပြောကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

၎င်းငလျင်ကြောင့် ဂရိဖက်ခြမ်း ကိုယာကျွန်းတွင် ဆွီဒင်နိုင်ငံသား ခရီးသွားတစ်ဦးနှင့် တူရကီနိုင်ငံသား ဧည့်သည်တစ်ဦး သေဆုံးကြောင်း ဂရိရဲဌာနကို ကိုးကားလျက် EPA သတင်းဌာနက ဖော်ပြသည်။

တူရကီ ဘော့ဒရမ်ကျွန်းတွင် ငလျင်ကြောင့် ဒဏ်ရာရသူ ဦးရေသည် ၃၅၈ ဦးရှိကြောင်း၊ ၎င်းတို့အနက် ၂၇၂ ဦးကို အရေးပေါ်ကားဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း၊ ကျန်သူများကမူ ကိုယ်အစီအစဉ်ဖြင့်ကို ဆေးရုံလာရောက်ကုသကြခြင်းဖြစ်ကြောင်း တူရကီကျန်းမာရေးဝန်ကြီး အာမတ်ဒီမီကန်က ဆိုသည်။

လက်ရှိဆေးရုံတွင် ၂၅ ဦး ဆက်လက်ကုသမှုခံယူနေဆဲဖြစ်ပြီး အရိုးကျိုးသည့် လူတစ်ချို့လည်း ရှိနေကြောင်း ၎င်းက ပြောသည်။ သို့သော် စိုးရိမ်ရသည့် အနေအထားမရှိဟု သိရသည်။

ဒဏ်ရာရသူအများစုသည် ငလျင်လှုပ်ချိန် ကြောက်လန့်၍ အဆောက်အအုံ ပြတင်းပေါက်များမှ ခုန်ချခြင်း၊ တစ်ချို့က ပြုတ်ကျခြင်းတို့ကြောင့် ဖြစ်သည်ဟု NTV ရုပ်သံက ထုတ်လွှင့်သည်။

အဆိုပါ ငလျင်တွင် တူရကီဖက်ခြမ်း၌ သေဆုံးသူ၊ ဒဏ်ရာကြီးကြီးမားမား ရသူ မရှိဘဲ ဂရိ ကိုယာကျွန်းတွင် ဆွီဒင်နှင့် တူရကီတို့ နှစ်ဦး သေဆုံးခဲ့ကြောင်း ဘော့ဒရမ် အုပ်ချုပ်ရေးမှူး ဘီကီးယီမတ်ဇ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required