နွေရာသီကာလ ရေခမ်း၍ ကြည့်မြင်တိုင်မြို့နယ် ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်တွင် သောက်ရေ အခက်အခဲဖြစ်နေ

နွေရာသီကာလ ရေခမ်း၍ ကြည့်မြင်တိုင်မြို့နယ် ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်တွင် သောက်ရေ အခက်အခဲဖြစ်နေ

ရန်ကုန်၊ ဧပြီ ၂၆ ။           ။ နွေရာသီကာလဖြစ်သည့်အတွက်ကြောင့် ကြည့်မြင်တိုင်တစ်ဘက်ကမ်းတွင်ရှိသော ဆိပ်ကြီး ဦးမြငါးစင် ရပ်ကွက်များ၌ ရေရှားပါးမှုများ ဖြစ်ပေါ်နေသည်။ ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း၌ မိုးရွာသွင်းခဲ့သော်လည်း သောက်ရေရှားမှုများ ဧပြီလကုန်အထိ တွေ့ကြံုနေရဆဲ ဖြစ်သည်။
 
"ကန်တွေအကုန်လုံးက ခမ်းကုန်တာခမ်းတဲ့အပြင် ဟိုရက် မိုးအသစ်ရွာလိုက်တဲ့အတွက်ကြောင့် နွံတွေက ပျော်ကျပြီး သောက်လို့သုံးလို့ မရတော့ဘူး။ ကလေးတွေဘာတွေ ဝမ်းရောဂါ ဖြစ်ကုန်တာပေါ့ ရေမသန့်လို့" ဟု ဆိပ်ကြီးရပ်ကွက်မှ လမ်းလူကြီးဖြစ်သူ ဦးမြင့်ရွှေက ဆိုသည်။

သောက်ရေအတွက် ရေကန်များမှ ရရှိသောက်သုံးနေကြပြီး ယခုလက်ရှိမှတွင် ရေများရှားပါးလာခြင်းဖြစ်သည်။ ဆိပ်ကြီး ဦးမြ ငါးစင် စသည့် ရပ်ကွက်များတွင် နွေရာသီကာလမျိုး၌ သောက်ရေကို ရေသမ္မာန်များ၊ ရေစည်ကားများဖြင့် အလှူရှင်နှင့် စည်ပင်တို့မှ လာရောက်ပို့ဆောင်မှသာ ရရှိနိုင်သည်ဟု ဆိပ်ကြီးရပ်ကွက်တွင် ရေခဲချောင်းရောင်းသူ ဦးသိန်းထွန်းက ပြောပြသည်။

"အဓိကက ရေပဲဗျ ရေရှိမှအဆင်ပြေမှာ ရေမရှိရင် ကလေးတွေလည်း ဝမ်းပျက်ဝမ်းလျောတွေ ဖြစ်လိမ့်မယ်။ ဒီကန်ကြည့်လေ အခုဆိုနုန်းတွေထနေပြီ သောက်မရတော့ဘူး ချိုးလို့ပဲရမယ်" ဟု ရေခဲချောင်းရောင်းသူ ဦးသိန်းထွန်းက ဆိုသည်။

ရေဂါလန် သုံးထောင်ကနေ ငါးထောင်ဆံ့ သမ္မာန်တစ်စီးဖြင့် စည်ပင်က သုံးရက်တစ်ကြိမ်မှ တစ်ပတ်တစ်ကြိမ်အထိ အိမ်ခြေနှင့် လမ်းများ၊ ရပ်ကွက်များအလိုက် အလှည့်ကျ သောက်ရေပေးဝေပေးနေသည်။

အဆိုပါရေများကို အုတ်ကန်၊ ပလက်စတစ်ရေကန်တိုင်ကီများဆီသို့ မော်တာဖြင့် စက်လှေပေါ်ကနေ မောင်းတင်ပေးပြီး တစ်အိမ်ထောင်လျှင် ရေနှစ်ထမ်းမှသုံးထမ်းအထိ ပေးဝေနေခြင်းဖြစ်သည်။

ဆိပ်ကြီးရပ်ကွက်က ဆယ်အိမ်မှူးဖြစ်သူ ဦးကျော်ဝင်းက "အခုလာပေးနေတာက စည်ပင်ပေါ့ ခါတိုင်းဆို ပုဂ္ဂလိကရောက်တယ် ဒီနှစ်တော့ မရောက်သေးဘူး ခါတိုင်းဆို ပုဂ္ဂလိကရော စည်ပင်ရော ဝင်တယ်လေ အခုက စည်ပင်တစ်မျိုးတည်းဆိုတော့ နည်းနာ်းတော့ ချိုးခြံပြီးသောက်ရတာပေါ့ အလေလွင့်မရှိအောင်ပေါ့ ဒါလေးကို ဘာခေါ်မလဲဆိုတော့ ရွှေလိုပဲ တန်ဖိုးထားပြီးတော့ အားလုံးသိမ်းဆည်းပြီးတော့ အဖိတ်အစင်မရှိအောင် လုပ်ရတာပေါ့"ဟု လက်ရှိ ရေရရှိမှု အခြေအနေကို ပြောပြသည်။

ရေရှားပါးသည့်အတွက် ရေကန်များကို ရေမပြတ်အောင် ချောင်းရေသွင်း၍ သုံးဆွဲနေသော်လည်း သောက်ရေအဖြစ်အသုံးမပြုနိုင်ကြောင်း ဆိပ်ကြီးမြိူ့နယ် အုပ်ချုပ်ရေးတာဝန်ခံ ဦးဝင်းရွှေက ဆိုသည်။

"ဒီရပ်ကွက်တွေမှာ ရေတွင်းတူးလို့လည်းမရဘူး ရေတွင်းတူးလိုက်ရင် ရေငန်ပဲထွက်တယ် အဲ့လိုပဲ စည်ပင်ကလာပေးတဲ့ ရေလေးပဲ နှစ်တိုင်းအဲ့လို ပုံမှန်ဖြစ်စေချင်တယ် အဲ့လိုပဲဖြစ်မှပဲ ကျွန်တော်တို့ရပ်ကွက်တွေ သောက်သုံးရေ ပုံမှန်ရမယ်ထင်တယ်"ဟု ဦးဝင်းရွှေက ၎င်းရဲ့ မျှော်လင့်ချက်ကို ပြောပြသည်။

ရေကန်တွေကို သောက်ရေအတွက် အဓိက အားထားနေရသည့် ရန်ကုန်တိုင်းဒေသကြီးမှ ကြည့်မြင်တိုင်တစ်ဘက်ကမ်း ဆိပ်ကြီးခနောင်တိုနှင့် ဒလမြို့နယ်တို့တွင် သောက်ရေ အခက်ခဲဖြစ်နေခြင်းကို နွေရာသီကာလအတွင်း၌ နှစ်စဉ် ကြံုတွေ့နေရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required