သူနဲ့ ဒေါ်စု နှစ်ဦးဆက်ဆံရေး ကောင်းတာဟာ နိုင်ငံအတွက်ကောင်းတာပဲလို့ ဦးရွှေမန်းပြော

သူနဲ့ ဒေါ်စု နှစ်ဦးဆက်ဆံရေး ကောင်းတာဟာ နိုင်ငံအတွက်ကောင်းတာပဲလို့ ဦးရွှေမန်းပြော
ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ ပြည်သူ့လွှတ်တော် အဆောက်အဦတွင် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၉နာရီတွင် တွေ့ဆုံစဉ်။ (ဓာတ်ပုံ - သက်ကို/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးသည် အဆင်ပြေချောမွေ့လျက်ရှိနေပြီး နှစ်ဦးဆက်ဆံရေး ပိုမိုကောင်းမွန်ခြင်းသည် နိုင်ငံနှင့်ပြည်သူအတွက် များစွာအကျိုးရှိမည်ဟု ယုံကြည်ကြောင်း သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်ဆဲပါပဲ။ ကောင်းမွန်ဆဲဖြစ်သလို ဒီထက်ပို၍ကောင်းအောင် နေခြင်းဟာ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တာ်တို့ ပြည်သူအတွက် များစွာအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား သတင်းစာဆရာကြီး ဟံသာဝတီဦးအုန်းကြိုင်မှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်က ကော်မရှင်ရုံးတွင် တွေ့ဆုံမေးမြန်းမှုအပေါ် သူရဦးရွှေမန်းအား အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော့ဆက်ဆံရေးဟာ ပြေပြစ်ချောမွေ့မှုရှိပါတယ်။ လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည် ရောက်တဲ့အချိန် တဖြည်းဖြည်းနဲ့ တစ်ယောက်ကို တစ်ယောက် ကျွန်တော်တို့ နားလည်မှုတွေ ပိုရှိခဲ့ပါတယ်။ ထိုနည်းတူစွာပဲ တစ်ယောက်ရဲ့ ယုံကြည်မှု ခံစားမှုတွေကိုလည်း မျှဝေပြီး ခံစားနိုင်တဲ့ အနေအထားရှိပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ နှစ်ယောက် Understanding ရှိပါတယ်။ အဲ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် Sympathy လည်းရှိပါတယ်။ တစ်ယောက်ကို တစ်ယောက် Empathy လည်းဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်အပေါ် သစ္စာထားပြီး မေတ္တာဖြင့် အုပ်ချုပ်သည့်အတွက် ၎င်းအနေဖြင့် စွမ်းအားရှိသလောက် ကူညီဆောင်ရွက်သွားမည်ဟုလည်း သူရဦးရွှေမန်းက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရသက်တမ်း(၅)နှစ်အပြီး ၂၀၂၀နောက်ပိုင်းတွင်လည်း နိုင်ငံနှင့် ပြည်သူအတွက် အဓိကထား စဉ်းစားသွားမည်ဟု ၎င်းက ပြောသည်။

လက်ရှိ တိုင်းပြည်အနေအထားအရ နောက်ကြောင်းပြန်လှည့်စရာအကြောင်းမရှိသလို  တပ်မတော်အနေဖြင့်လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် ရှေ့ကိုတိုးပြီးသာ ပါဝင်ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း တပ်မတော်တွင် နှစ်ပေါင်း(၄၀)ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးရွှေမန်းက ပြောဆိုခဲ့သေးသည်။

“ရှေ့ကိုတိုးပြီးသာ တပ်မတော်အနေနဲ့ နိုင်ငံ့ကောင်းစားရေး တနည်းအားဖြင့် ပြောရမယ်ဆိုရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ သူ့အခန်းကဏ္ဍကနေ သူပါဝင်ဆောင်ရွက်သွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required