ကိုးတန်းကျောင်းသူ သားမယားပြုကျင့်ခံရမှုတွင် တရားလို သက်သေခံ ၄ ဦးကို ကာယကံရှင်ဘက်မှ ကန့်ကွက်မှုကြောင့် ပယ်ချ

ကိုးတန်းကျောင်းသူ သားမယားပြုကျင့်ခံရမှုတွင် တရားလို သက်သေခံ ၄ ဦးကို ကာယကံရှင်ဘက်မှ ကန့်ကွက်မှုကြောင့် ပယ်ချ

ရန်ကုန်၊ ဇန်နဝါရီလ ၃ ။             ။ အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူကို မှုးယစ်ဆေးပါသည်ဟု ယူဆရသည့် အချိုရည်တိုက်ပြီး သားမယားပြုကျင့်ခဲ့သည့်အမှုအတွက် တရားခံဘက်မှ သူများကို တရားလိုဘက်သို့ သက်သေအဖြစ် ထည့်သွင်း ထားသည့် ၄ ဦးကို တရားလိုဘက်မှ ကိုးတန်းကျောင်းသူ၏ မိခင်က ကန့်ကွက်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် တရားရုံးမှ ပယ်ချလိုက်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၃ ရက်နေ့ ၆ ကြိမ်မြောကရုံးချိန်းတွင် ရဲဘက်မှ သက်သေ ၄ဦးကို ထပ်မံ တင်သွင်းခဲ့ခြင်းကြောင့် တရားလိုဘက်မှ ကန့်ကွက်နေခြင်းဖြစ်ပြီး ယနေ့ပြုလုပ်သော ရုံးချိန်းတွင် ပယ်ချလိုက်ခြင်းဖြစ်သည်။

" ဖန်တီးထားတဲ့ သက်သေ ၄ ယောက်ထဲက ဒီနေ့ ရုံးကို ရောက်သွားတဲ့ မိန်းကလေးတစ်ယောက်က သူ့ကို ရဲကနေလာပြီးတော့ ကလေးမလေးက (ကိုးတန်းကျောင်းသူ) က တရားခံအိမ်ကို မကြာခဏ လာပါတယ်ဆိုတဲ့ ထွက်ဆိုချက်မျိုးကို ထွက်ဆိုပေးဖို့အတွက် တင်တာ။ ဒါပေမယ့်လို့ ဒီသက်သေက သူဘာမှ မသိပါဘူးလို့ တရားသူကြီးကိုလည်းပြောလိုက်တယ်။ အဲ့ဒါနဲ့ အစိုးရရှေ့နေက သက်သေအဖြစ်က ပယ်ချလိုက်တယ် "ဟု တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ပေးသော တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံး၌ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် တရားလိုဘက်ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

တရားလိုဘက်မှ သက်သေခံ ၄ ဦးမှာ တရားခံ၏ အိမ်နီးနားချင်းများဖြစ်ပြီး ကမာရွတ်မြို့နယ်ရဲစခန်းမှ အမှုစစ်ရဲအရာရှိက ထည့်ထားခြင်းဖြစ်ကြောင်း၊ ကာယကံရှင်မိန်းကလေးငယ်၏ မိခင်သူက အဆိုပါ တရားလိုများကို ကန့်ကွက်ခဲ့သဖြင့် တရားရုံးက ပယ်ချခဲ့ခြင်းဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် ပြောပြချက်အရ သိရသည်။

" ရဲကတော့ အဲ့ဒီ သက်သေတွေကို တရားလို သက်သေထဲမှာ အတင်းထည့်ပေးထားတယ်။ သက်ငယ်မုဒိမ်းတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေက ဥပဒေအတိုင်း လုပ်တာတွေ အားနည်းနေတယ် " ဟု ဦးရောဘတ်စန်း အောင်က ဆိုသည်။

ဖြစ်စဉ်မှာ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်၊ နေ့လည်ပိုင်းက အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူကို တရားခံအဖြစ် ယူဆရသူ မြောက်ဒဂုံ ၃၉ ရပ်ကွက်တွင် နေထိုင်သည့် သန်းကိုကိုမောင်ဆိုသူက လှည်းတန်းစင် တာရှေ့တွင်ချိန်းဆိုကာ လိမ္မော်ရည်တိုက်ခဲ့ပြီး အမျိုးသမီးငယ် သတိလစ်သွားမှ သန်းကိုကိုအောင် အိမ်သို့ခေါ် ဆောင်သွားခဲ့ပြီး ထိုမှတဆင့် မြောက်ဒဂုံရှိ တည်းခိုခန်းသို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ လာမည့် ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ တရားလို ဘက်မှ ကာယ ကံရှင် နှင့် မိန်းကလေးငယ်ကို လိုက်လံရှာဖွေပေးခဲ့သူ ကိုသူ( ပရဟိတအသင်း) ကို စတင် စစ်ဆေးမည်ဖြစ် ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required