အလုပ်ရှင်၏ အာမခံဖြင့် စက်ရုံအလုပ်သမားများ တိုက်ခန်းဝယ်နိုင်ရန် လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းအစိုးရပြော

အလုပ်ရှင်၏ အာမခံဖြင့် စက်ရုံအလုပ်သမားများ တိုက်ခန်းဝယ်နိုင်ရန် လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းအစိုးရပြော
လှိုင်သာယာမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ အလုပ်သိမ်း၍ အိမ်ပြန်ချိန် မြင်ကွင်းများ။  ဓာတ်ပုံ ဘိုဘို။

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ။           ။ရန်ကုန်မြို့ရှိ နေထိုင်စရာအခက်ခဲဖြစ်နေသည့် စက်ရုံအလုပ်သမားများအတွက် ရည်ရွယ်ကာ တန်ဖိုးနည်း အိမ်ယာများကို အလုပ်ရှင်၏ အာမခံဖြင့် ဝယ်ယူနိုင်ရန် လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

“အလုပ်သမားတစ်ယောက်ဟာ နေစရာမရှိဘူးလို့ အလုပ်ရှင်ဘက်ကထောက်ခံပေးမယ် အလုပ်သမားကလည်း သူဟာဒီမှာ တကယ်လုပ်ကိုင်နေတယ်ဆိုတဲ့ ဂတိတစ်ခုကိုပေးမယ် ဒီကနေ အလုပ်ထွက်သွားရင် ဒီအခန်းပေါ်ကဆင်းပေးရမယ်။ ဒီအတွက် အဖိုးနှုန်းချိုသာတဲ့နှုန်းထားနဲဲ့ ရောင်းချပေးနိုင်တဲ့ အိမ်ယာစီမံကိန်းတွေကို တည်ဆောက် ဖို့ကြိုးစားနေပါတယ်" ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

မြန်မာနိုင်ငံ ကုန်သည်၊ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း UMFCCI တွင် ဒီဇင်ဘာ ၁၀ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း တတိယအကြိမ်   နှစ်ပတ်လည်အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများ၏ တစ်နေ့အနည်းဆုံးလုပ်ခလစာ ၃၆၀၀ ကျပ်ဖြင့် အိမ်ယာအတွက် တစ်ထိုင်တည်း ငွေပေးချေနိုင်ရန် ခက်ခဲ့သောကြောင့် အရစ်ကျငွေပေးသွင်းပြီး အိမ်ယာဝယ်ယူ နေထိုင်နိုင်ဖို့ အလုပ်ရှင်၊ အလုပ်သမား နှင့် ဘဏ်များ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားချက်အရသိရသည်။

ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းကဲ့သို့သော အလုပ်သမားများ နေထိုင်လုပ်ကိုင်နေသည့် မြို့စွန်များတွင် ဦးစားပေးတည်ဆောက်သွားရန် ရည်ရွယ်ထားပြီး အခြားတည်ဆောက်ရန် စီစဉ်ထားသည့် အိမ်ယာစီမံကိန်း ၂၀ ခန့်ရှိနေကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင်ရှိသည့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ယာ စီမံကိန်းရှိ အိမ်ယာများကို နှစ်ရှည်စီမံကိန်းဖြင့် ​ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်​ကြီးဌာနမှ ကြေငြာထားသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အစည်းအဝေးသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်စိုး၊ ထည်ချုပ်လုပ်ငန်းရှင်များအသင်း သူအသင်းသားများနှင့် တာဝန်ရှိသူများ တတ်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required