ချင်းမိုင်၊ နိုဝင်ဘာလ ၂၂ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေမှု ရပ်တန့်ရန် ငြိမ်းချမ်းသော နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) က ဒုက္ကဌ နိုင်ဟံသာက တိုက်တွန်း ပြောကြားလိုက်သည်။
“ ဒီလိုဖြစ်လာတဲ့ အပေါ်မှာ အစိုးရဘက်က ဒီပြဿနာတွေကို လက်နက်ကိုင် နည်းလမ်းနဲ့ ဖြေရှင်းလို့ မရဘူးဆိုတဲ့ ဟာကို အဓိက တပ်မတော်ဘက်က အဲဒီသဘောထားကို ပိုပြီးနားလည်လာတဲ့နောက် တွေ့ဆုံဆွေး နွေးရေးကို ပိုပြီး ဇောင်းပေး လာစေချင်တယ်။ ဒီပစ်ခတ် တိုက်ခိုက်မှုကိုလည်း အစိုးရဘက်က ရပ်နားလိုက်တယ်ဆိုရင် ဟိုဘက်ကလည်း ရပ်နားသွားမှာပါ” ဟု နိုင်ဟံသာက ပြောသည်။
မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်း လက်ရှိ တိုက်ပွဲကြောင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ ပျက်ပယ်မည်မဟုတ်ဘဲ ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။
“တွေ့ဆုံဆွေးနွေးမှုပျက်မယ်လို့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲတွေက မဆန်းတော့ဘူး။ တိုက်လာတာကြာပြီ တဖက်က သူရော ကိုယ်ရော တိုက်ပွဲကိုဘဲ ဇောင်ပေးနေရင်တော့ ပိုပြီးတော့ ပြဿနာပိုကြီးလာ နိုင်တယ်။ ပိုပြီးတော့ ခက်ခဲ လာနိုင်တယ်။ ဒါပေမယ့် တပ်မတော်ဘက်ကလည်း တို်က်နေလို့ မဖြစ်ဘူး။ သူတို့ နားလည်ပြီးတော့ နိုင်ငံရေးအရ ဖြေရှင်းမှုကို ပိုပြီးတော့ စောင့်ပေးလာမယ် ဆိုရင် ပိုပြီးမြန်ဆန်နိုင်မဲ့ အလားအလာမျိုးလည်း ရှိနိုင်တယ်” ဟု သူက ဆိုသည်။
UNFC မှ ဖွဲ့စည်းထားသော DPN က နိုဝင်ဘာလ ၁၈ ရက်မှ ၂၀ ရက်ထိ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးမှုများနှင့် ပစ်ခတ်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)တွင် ပါဝင်သည့် ပုဂ္ဂိုလ် များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
UNFC တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်မထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရ ဖွဲ့ ပါဝင်သည်။