တိုင်ဖုန်းမုန်တိုင်း နီးကပ်လာနေသည့် ဗီယက်နမ်တွင် ရေကြီးမှုများအတွင်း လူ ၂၅ ဦးသေဆုံးကာ အိမ် နှစ်သိန်းကျော် ပျက်စီး

တိုင်ဖုန်းမုန်တိုင်း နီးကပ်လာနေသည့် ဗီယက်နမ်တွင် ရေကြီးမှုများအတွင်း လူ ၂၅ ဦးသေဆုံးကာ အိမ် နှစ်သိန်းကျော် ပျက်စီး

ဟနွိုင်း၊ အောက်တိုဘာ ၁၇ ။            ။ တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်လာနိုင်၍ စိုးရိမ်နေရသည့် ဗီယက်နမ်တွင် ရေကြီးမှုများ ကြုံတွေ့နေရာတွင် အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးလျက်ရှိသည်။

 ပြီးခဲ့သည့် သီတင်းပတ်မှစကာ မိုးများ သည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးမှုဘေး ကြုံတွေ့ရသည့် ပြည်နယ်များတွင် အိမ်များမှာ လုံးလုံး ရေနစ်မြုပ်အထိ ရေကြီးမှုဖြစ်နေသည်။

 ဆိုးဆိုးဝါးဝါး ရေကြီးမှုအတွင်း လူလေးဦးပျောက်ဆုံးနေကာ ပျက်စီးသည် အိမ်ခြေပေါင်းက ၂၄၀၀၀၀ ကျော်ထက်မနည်း ရှိနေကြောင်း သဘာဝဘေးတားဆီးကာကွယ်ရေးရုံးက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။

 ရေအားလျှပ်စစ်စက်ရုံရှိ ရေလှောင်ကန်မှ ရေများကို ဖွင့်ချခဲ့ရကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။

 ရေဘေးကြုံနေသည့် တစ်ချိန်တည်းတွင် ပြီးခဲ့သည့် ရက်အနည်းငယ်က ဖိလစ်ပိုင်တွင် ဝင်ရောက်တိုက်ခတ်သည့် ဆာရီကာတိုင်ဖုန်းမုန်တိုင်းက အောက်တိုဘာ ၁၉ ရက်တွင် ဗီယက်နမ်မြောက်ပိုင်းပြည်နယ်များသို့ ဝင်ရောက်နိုင်ခြေရှိ၍ သတိပေးချက်များ ထုတ်ပြန်ထားသည်။

 ယခုမုန်တိုင်းရာသီတွင် ဆာရီကာမုန်တိုင်းက အားအပြင်းဆုံးဖြစ်ဖွယ်ရှိကြောင်း ဒေသတွင်းမိုးလေဝသပညာရှင်များက ပြောသည်။

 အာဏာပိုင်များက ဘေးလွတ်ရာရွှေ့ပြောင်းအမိန့်များနှင့် ပင်လယ်ပြင်ခရီးထွက်ခြင်းတို့အား တားမြစ်မိန့်တို့ကို ထုတ်ပြန်သင့်ပါက ထုတ်ပြန်သွားမည်ဟု ပြောသည်။

 ဗီယက်နမ်နိုင်ငံသည် နှစ်စဉ် အပူပိုင်းမုန်တိုင်းနှင့် တိုင်ဖုန်မုန်တိုင်း ဒါဇင်ကျော်ကို ကြုံတွေ့ရလေ့ရှိပြီး တစ်ခါတစ်ရံ ကမ်းခြေဒေသများတစ်လျှောက် ပျက်စီးမှုများကို ရင်ဆိုင်ရလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required