မလေးရှားတွင် ထိပ်တန်းရဲအရာရှိများကို ဗုံးထောင်သတ်ဖြတ်မည့် အိုင်အက်စ်အကြံအစည်အား လက်ဦးကာ လူ ၁၄ ဦးကို ဖမ်းဆီးနိုင်

မလေးရှားတွင် ထိပ်တန်းရဲအရာရှိများကို ဗုံးထောင်သတ်ဖြတ်မည့် အိုင်အက်စ်အကြံအစည်အား လက်ဦးကာ လူ ၁၄ ဦးကို ဖမ်းဆီးနိုင်

ကွာလာလမ်ပူ၊ ဇူလိုင် ၂၄ ။             ။ မလေးရှားနိုင်ငံတွင် ထိပ်တန်းရဲအရာရှိများအား ဗုံးထောင်သတ်ဖြတ်ရန် အစီအစဉ်ဖြင့် သီတင်းပတ်ကြာ စစ်ဆင်ရေးဆောင်ရွက်မည့် အကြံအစည်ကို ဖျက်ဆီးနိုင်ကာ သံသယရှိရသည့် အိုင်အက်စ် ၁၄ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

ဖမ်းမိထားသူများတွင် ဧပြီ ၁၇ ရက်က ဆီးရီးယားနိုင်ငံတွင် သေဆုံးသော မလေးရှားအိုင်အက်စ်စစ်သွေးကြွ အဘူဂါနီအား စည်းရုံးသိမ်းသွင်းခဲ့သူ အိုင်အက်စ်အကြီးတန်းအဖွဲ့ဝင်တစ်ဦးလည်း ပါဝင်ကြောင်း ရဲထောက်လှမ်းရေးချုပ် ခါလစ်အဘူဘတ်ကာက ပြောသည်။

“ရှာဖွေမှုအရ တော်ဝင်မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲတွေကို လုပ်ကြံဖို့ တစ်ကီလိုဂရမ်အလေးချိန်ရှိတဲ့ ဖောက်ခွဲရေးဗုံးလက်နက်ပစ္စည်းတစ်ခုကို ဖမ်းဆီးရမိပါတယ်။”ဟု ခါလစ်က ထုတ်ပြန်သည်။

တိုင်းရင်းသားပေါင်းစုံနေထိုင်ရာ မွတ်စလင်အများစု မလေးရှားနိုင်ငံအတွင်း အိုင်အက်စ်ပျံ့နှံ့မှုများအား တားဆီးကာကွယ်ရေးအတွက် မလေးရှား လုံခြုံရေးအေဂျင်စီများက အဆင့်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် တစ်လက ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ်အဖွဲ့နှင့် သွားရောက်ပူးပေါင်းသည့် မလေးရှားနိုင်ငံသား ၅၀ နီးပါးရှိသည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားသည်။

ယခုဖမ်းထားသည့် အသက် ၄၉ နှစ်ရှိ အိုင်အက်စ်အကြီးတန်းအဖွဲ့ဝင်သည် မလေးရှားနိုင်ငံအတွင်း အိုင်အက်စ်အဖွဲ့ဝင် စုဆောင်းရေးလုပ်ဆောင်နေသူဖြစ်ပြီး အိုင်အက်စ်အဖွဲ့ဝင်များကို ဆီးရီးယားသို့ အရောက်ပို့ပေးနေသူတစ်ဦးဖြစ်ကြောင်း ခါလစ်က ပြောသည်။

သီးခြားစီးနင်းမှုတစ်ရပ်အတွင်း ဖိလစ်ပိုင်တောင်ပိုင်းသို့ ခိုးဝင်ကာ အိုင်အက်စ်သြဇာခံ အဘူဆေယက်ဇ်အဖွဲ့ထဲ ဝင်မည့် အသက် ၄၃ နှစ်ရှိ အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးရမိသည်။

ကျန် ၁၂ ဦးကိုလည်း သီးခြားစစ်ဆင်ရေးများအတွင်း မြို့တော်ကွာလာလမ်ပူအပါအဝင် နေရာစုံက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ၎င်းတို့က တစ်အုပ်စုတည်းမှ ဖြစ်ကြဖွယ်ရှိကြောင်း ခါလစ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required