ဇူလိုင် ၆၊ ရန်ကုန်။ ။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၁ ဖြစ်သည့် ပထမအကျော့ နောက်ဆုံးပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက လက်ရှိချန်ပီယံ ရတနာပုံအသင်းကို ပုံမှန်မဟုတ်သည့် အနေအထားမျိုး၌ သုံးဂိုးထိသွင်းယူကာ အနိုင်ယူနိုင်ခဲ့သည့်အတွက် အသင်းကို ချီးကျူးဂုဏ်ပြုကြောင်း ရန်ကုန်နည်းပြ ဂျက်ဆစ်က ရတနာပုံအသင်းနှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါပွဲတွင် ရတနာပုံအသင်းပရိသတ်များသည် ပွဲချိန်အတွင်း၌ ကွင်းအတွင်းသို့ ရေထုပ်များ၊ အရာဝတ္ထုပစ္စည်းများဖြင့် ပစ်ပေါက်မှုများ ဖြစ်ပျက်ကာ ပွဲချိန်ရပ်နားမှုများလည်း ရှိခဲ့သည်။ ရန်ကုန်အသင်းသည် ယင်းပွဲတွင် ရတနာပုံအသင်းကို အဝေးကွင်း၌ ၃-၂ ဖြင့် အနိုင်ရကာ ယခုနှစ် ဘောလုံးရာသီ ၁၁ ပွဲ ဆက် အနိုင်ရကာ ရာသီဝက် ချန်ပီယံ ဖြစ်ရန် စွမ်းဆောင်ထားနိုင်ခဲ့သည်။
“ ဒီနေ့လိုမျိုး ပုံမှန် မဟုတ်တဲ့ အနေအထားမှာ သုံးဂိုးသွင်းနိုင်တယ်၊ နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် အသင်းကို ချီးကျူးချင်ပါတယ်။ ဒီပွဲက တကယ့်ကို ကစားဖို့ မသင့်တော်တဲ့ပွဲမျိုးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အသင်းအနေနဲ့ ဘာလုပ်နိုင်တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ပွဲပြီးတဲ့အချိန်မှာတော့ ဒိုင်ရဲ့ ဆုံးဖြတ်ချက် ပရိသတ်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီးတော့ ဘာမှ မှတ်ချက်မပေးလိုပါဘူး။ အားလုံးလည်း ကွင်းထဲမှာ တွေ့ရတဲ့အပြင် ရုပ်သံကနေလည်း တိုက်ရိုက်လာတဲ့အတွက် မြင်ပါလိမ့်မယ်။ ဒီရာသီချန်ပီယံဖြစ်အောင် တစ်ပွဲချင်းစီအကောင်းဆုံး ကြိုးစားသွားမှာပါ ” ဟု ရန်ကုန်နည်းပြ ဂျက်ဆစ်က ပြောသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ ၁၁ ပွဲကစားပြီးချိန်၌ ပွဲစဉ်အားလုံး နိုင်ပွဲရရှိကာ ရမှတ် ၃၃ မှတ်ဖြင့် ရာသီဝက်ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်ပြီး အဆင့် ၂ နေရာတွင် ဧရာဝတီအသင်းက ရှစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၂၅ မှတ်ဖြင့် ရှစ်မှတ်ထိ ကွာဟနေခဲ့သည်။