ကိုးလ်ဂိတ်မှ မြန်မာလူငယ်များအတွက် ပညာသင်ဆု သိန်း ၅၄၀ ထောက်ပံ့

ကိုးလ်ဂိတ်မှ မြန်မာလူငယ်များအတွက် ပညာသင်ဆု သိန်း ၅၄၀ ထောက်ပံ့

ရန်ကုန်၊ မေ ၁၆ ။  ။ မြန်မာနိုင်ငံမှ ကျောင်းနေအရွယ်ကလေးများအတွက် Colgate သွားတိုက်ဆေးမှ ပညာသင်ဆု ၃၅ဆုကို မေလ ၁၆ရက်က ထောက်ပံ့ခဲ့သည်။ 

ယင်းပညာသင်ဆုကို အနယ်နယ်အရပ်ရပ်မှ ကလေးငယ်များထဲက ရွေးချယ်ပြီး ကျပ် သိန်း ၅၄၀ကို ထောက်ပံ့ခြင်းဖြစ်ပြီး မေ ၁၆ရက်က ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် အခမ်းအနားဖြင့် ပေးအပ်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် ၅ နှစ်အရွယ် ကလေးဦးရေ ၅ သန်းကျော်ရှိပြီး၊ မူလတန်းစာသင်ကြားနိုင်သူ ၇၁ ရာခိုင်နှုန်းသာရှိသည်။ ထိုအထဲမှ ၅၀ ရာခိုင်နှုန်းမှာ အထက်တန်းပညာရေးစနစ်ကို မသင်ကြားနိုင်ဘဲ ကျန် ၅၀ ရာခိုင်နှုန်းထဲမှ ၂၀ ရာခိုင်နှုန်းမှာမူ တက္ကသိုလ်ဝင်ပညာရေးကို ဆက်လက်မသင်ကြားနိုင်သည်ကို လေ့လာတွေ့ရှိခဲ့ခြင်းကြောင့် Colgate က ပညာသင်ဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

"Colgate က ကလေးတွေရဲ့ ရည်ရွယ်ချက်တွေ အကောင်အထည်ပေါ်လာဖို့ကို ကူညီချင်တာပါ။ တကယ်လို့များ ဆက်ပြီးတော့ ကူညီပေးနိုင်တဲ့အကြောင်းအရင်းများ ရှိလာခဲ့ရင် ကျွန်တော့်အနေနဲ့ ကူညီချင်ပါသေးတယ်။ "ဟု Colgate ၏ Country Manager Mr Dheeraj Chawla က မဇ္ဈိမကို ပြောသည်။ 

Colgate ပညာသင်ဆုကို ၂၀၁၆ ခုနှစ် ဇန်နဝါရီမှစတင်ကာ ဧပြီလအထိ colgate ၏ သွားတိုက်ဆေးဝယ်ယူသုံးစွဲခြင်းဖြင့် ကံစမ်းခွင့်ရရှိစေရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး၊ လေးလကြာ အဆိုပါအစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကံထူးသူ ၃၅ ဦးအနက် ပထမဆုရရှိသူသုံးဦးအား တစ်ဦးလျှင် ပညာသင်ဆုငွေ ၅၄ သိန်းစီနှင့် ဒုတိယရရှိသူ ၃၂ ဦးအား ပညာသင်ဆုငွေ တစ်ဦးလျှင် ၅ သိန်း ၄ သောင်းကျပ်အား အသီးသီး ချီးမြှင့်ခဲ့သည်။

အဆိုပါ ပညာသင်ဆုအစီအစဉ်အား နောက်တစ်ကြိမ်ထပ်မံပြုလုပ်ရန် အစီအစဉ်ရှိကြောင်းနှင့် colgate အနေနဲ့ မြန်မာနိုင်ငံကကလေးငယ်များအတွက် ပညာရေးနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးသွားရန် အသင့်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required