လားရှိုးမြို့က Denko ဆီဆိုင် ပေါက်ကွဲမှု လူ ၂ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

By 007၊ ဂျူချန်း(မဇ္စျိမ)
28 September 2023
လားရှိုးမြို့က Denko ဆီဆိုင် ပေါက်ကွဲမှု လူ ၂ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

လားရှိုးမြို့က Denko ဆီဆိုင်တွင် စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ရာ ညနေ ၅ နာရီခန့်က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးပရဟိတအသင်း တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

လားရှိုးမြို့ ပြည်ထောင်စုလမ်းမကြီးဘေး၊ မန္တလေး-လားရှိုးလမ်းပိုင်း၊ မယ်ဟန်ကျေးရွာအုပ်စု၊ နမ့်ခိုက်ကျေးရွာအနီးရှိ Denko စက်သုံးဆီ အရောင်းဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆိုင်သို့ ဆီလာဖြည့်သည့်ဆိုင်ကယ်မှ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကျွမ်းရာမှ အနီးရှိ ခရီးသည်တင်ကားကိုပါ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကာ မီးလောင်မှုဖြစ်စဥ်အတွင်း အမျိုးသား ကိုးဦးနှင့်အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၅ ဦး ဒဏ်ရာရသွားကြောင်း ဆိုသည်။

ယင်းအနက် အမျိုးသားနှစ်ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း မြိုခံပရဟိတ အသင်း တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

"ဆီလာဖြည့်တဲ့ ဆိုင်ကယ်ကနေ ထပေါက်ကွဲပြီးမီးလောင်တာ၊ အနားမှာ ရပ်ထား (ဆီဖြည့်ရန်)တဲ့ ခရီးသည်ကားကိုပါ မီးဆက်ကူးတယ်၊ ကျား၊ မ အားလုံးပေါင်း ၁၅ ယောက်လောက် မီးလောင်ဒဏ်ရာတွေ ရတယ်၊ အဲဒီအထဲက နှစ်ယောက်က စိုးရိမ်ရဒဏ်ရာတွေနဲ့ သေတယ် " ဟု မြို့ခံပရဟိတအသင်းတခုမှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယခုပေါက်ကွဲမှု ဖြစ်ပွားသည့် အကြောင်းအရင်းကို မဇ္ဈိမက သီးခြားအတည်မပြုနိုင်သေးပေ။ လက်ရှိမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများ အားလုံးကို လားရှိုးဆေးရုံသို့ ပို့ဆောင်ဆေးကုသထားကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ခရီးသည်တင်ယာဥ် တစီးနှင့်အတူ  အိမ်စီးကားတစီး၊ ဆိုင်ကယ်သုံးစီးထက်မနည်း မီးလောင်သွားကြောင်း နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်တဦးကလည်း မဇ္ဈိမကို ပြောသည်။

"မီးလောင်ခံလိုက်ရတဲ့ ခရီးသည်ကားက မူဆယ်-လားရှိုး- နေပြည်တော်ပြေးဆွဲတဲ့ သစ္စာဟိဏ်းကားပါ၊ အဲဒီကား ပေါ်ပါလာ သူတွေထဲက မီးလောင်ဒဏ်ရာရကြတယ်၊ သေဆုံးနှစ်ဦးလည်း အဲဒီကားပေါ်ကလို့ ကနဦးသိရတယ်" ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော သစ္စာဟိဏ်းကားပေါ်တွင် ခရီးသည် ၂၃ ဦးနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် စုစုပေါင်း ၃၀ ဦးခန့် ပါဝင်ကြောင်း သစ္စာဟိဏ်းယာဉ်လိုင်းက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ကားပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရမှု အခြေအနေ အရေအတွက်ကို တိတိကျကျ မသိရကြောင်း ၎င်းက ပြောသည်။

“(ထိခိုက်ဒဏ်ရာရတဲ့သူအရေအတွက်) အဲလိုမျိုး အတိအကျတော့ မသိသေးပါဘူး၊ ကျား၊ မ တော့ မသိပါဘူး၊ (ကားပေါ်မှာ) ကလေးတွေတော့ မပါပါဘူး” ဟု သစ္စာဟိဏ်း ယာဉ်လိုင်းက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက်(၂)ရှိ CS Hotel အနီး ပြီးခဲ့သည့်စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး တဦးသေဆုံး လေးဦးဒဏ်ရာရခဲ့သည်။

အလားတူ သြဂုတ်လ ၂၉ ရက်နေ့ကလည်း၊ ရပ်ကွက် (၈)၊ နယ်မြေ (၃) လားရှိုး-မူဆယ်လမ်းဘေးရှိ Luxury Lounge ဟိုတယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဟိုတယ်ဝန်ထမ်းနှစ်ဦး ဒဏ်ရာရခဲ့သည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly