စစ်ကောင်စီနှင့် UWSA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ တွေ့ဆုံခဲ့

By မဇ္ဈိမ 
26 July 2023
စစ်ကောင်စီနှင့် UWSA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ တွေ့ဆုံခဲ့

မြောက်ပိုင်းမဟာမိတ် အဖွဲ့များဖြစ်သည့် “ဝ”  ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် မိုင်းလားအဖွဲ့ဟု လူသိများသည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) တို့နှင့် စစ်ကောင်စီ လက်အောက်ခံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC တို့က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးနေကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုကို  ဇူလိုင် ၂၀ ရက်နေ့မှစ၍ ၂ ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုတကြိမ် တွေ့ဆုံဆွေးနွေးမှုသည် FPNCC အဖွဲ့ဝင်ဖြစ်သည့် UWSA “ဝ” တပ်ဖွဲ့၊ SSPP တပ်ဖွဲ့  နှင့် မိုင်းလား တပ်ဖွဲ့  NDAA တို့အကြား တွေ့ဆုံဆွေးနွေးမှု ငါးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲအပြီးတွင် ၂ ဘက်သဘောတူညီချက်များကို လက်မှတ်ထိုးခဲ့ကြောင်း စစ်ကောင်စီဘက်က အကြမ်းဖျဉ်းထုတ်ပြန်ခဲ့သော်လည်း UWSP ကတော့ နိုင်ငံရေး ဆွေးနွေးခြင်းမရှိဘဲ ဒေသဖွံ့ဖြိုးရေးကိုသာ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် စစ်ကောင်စီ၏ (NSPNC) သည် မြောက်ပိုင်း EAOs ၃ ဖွဲ့နှင့် ယခင်က ၂ ကြိမ် ဆွေးနွေးခဲ့ဖူးပြီး ၂ ကြိမ်လုံးတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အား လက်နက်မပေးရန် အပါအဝင်၊ အတိုက်အခံ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် PDF တို့အား မကူညီရန် ဖိအားပေးပြောခဲ့သည်။

သို့သော် စစ်ကောင်စီ၏ ပြောဆိုချက်ကို UWSP ဘက်က လက်မခံနိုင်ကြောင်း တင်းတင်းမာမာ တုံ့ပြန်ခဲ့သည့်နောက် ယခုတခါ ကျင်းပသည့် မြောက်ပိုင်း EAOs ၃ ဖွဲ့နှင့် ဆွေးနွေးပွဲတွင် PDF ကိစ္စအား စစ်ကောင်စီဘက်က ထည့်မပြော ဆိုတော့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့တွင်လည်း ငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်ရန်အတွက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့က ဆွေးနွေးခဲ့သည်။ လက်ရှိတွင် UWSP ဦးဆောင်သည့် မြောက်ပိုင်း EAOs ၃ ဖွဲ့သည် စစ်ကောင်စီအပါအဝင် တရုတ်နိုင်ငံနှင့် မိတ်မပျက် ဆက်ဆံနေသလို NUG၊ CRPH နှင့် PDF စသည့် နွေဦးတော်လှန်ရေး အင်အားစုများကိုလည်း ထိတွေ့ဆက်ဆံနေ ကြောင်း နိုင်ငံရေးလေ့လာသည့် သုတေသီများက ဆိုသည်။

UWSP ဦးဆောင်သည့် မြောက်ပိုင်း EAOs ၃ ဖွဲ့သည် ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်တွင် နေပြည်တော်၌ စစ်ကောင်စီ နှင့် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် စစ်ကောင်စီကိုယ်စားလှယ် များနှင့် ဒုတိယအကြိမ် ဆွေးနွေးခဲ့သည်။

မြောက်ပိုင်းမဟာမိတ် EAOs ၇ ဖွဲ့သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးသည့် EAOs များ ဖြစ်သည်။

လက်ရှိ စစ်ကောင်စီ လက်အောက်ခံ NSPNC  နှင့် တွေ့ဆုံ ဆွေးနွေးနေသည့် ရှမ်းပြည်တပ်မတော် SSPP တပ်ဖွဲ့သည် မြေပြင်တွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့်လည်း စစ်ရေးတင်းမာမှု ရှိနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇွန်လလယ်ပိုင်း အချိန်တွင် လဲချားမြို့နယ် အတွင်းရှိ SSPP တပ်စခန်းများ အားလုံး ဆုတ်ခွာရန် စစ်ကောင်စီမှ ဖိအားပေး ညွှန်ကြားမှုကို SSPP တပ်ဖွဲ့မှ လက်မခံသည့်အတွက် စစ်ရေးတင်းမာမှုများ ရှိနေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required