ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ် ရေယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

By ပါခွီး(မဇ္စျိမ)
29 June 2023
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ် ရေယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာချုပ် (နမခ) မှ ထွက်လာသော စစ်ကောင်စီရေယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army (BHA) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ရေယာဉ်(ဒေသအခေါ် ဖလက်ခွံ) သုံးစီးသည် နမခမှ ဆားလင်းကြီးမြို့နယ်ကိုဖြတ်ပြီး အောက်ဖက်သို့ စုန်ဆင်းလာစဉ် ဇွန်လ ၂၈ ရက် မွန်းတည့် ၁၂နာရီ ၄၀ မိနစ် အချိန်တွင် ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ရှေ့ထွက်ပြောင်း ပဒေသာနဲ့ တိုက်ခဲ့တာပါ၊ တစ်ပွိုင့်မှာ လေးပြောင်းနဲ့ ငါးပွိုင့် နေရာယူ ပြီး တိုက်ခိုက်ခဲ့တာပါ” ဟု BHA တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပဒေသာ ပွိုင့် ငါးခုဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် မိနစ်အနည်းငယ်ကြာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

ကြားဖြတ်တိုက်ခိုက်ခံရမှုတွင် ရေယာဉ်နှင့် လူထိခိုက်မှုအချို့ရှိခဲ့သော်လည်း တိတိကျကျ မသိရသေးပေ။ တိုက်ခိုက်မှုလုပ်ခဲ့သော ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း ဆိုသည်။

အဆိုပါ ရေယာဉ်သုံးစီးသည် တိုက်ခိုက်ခံရမှုအပြီး ဆက်လက်ထွက်ခွာသွားရာ လက်ရှိမှာ ချောင်းဦးနှင့် ရေစကြို မြို့နယ်အစပ်က ချင်းတွင်းမြစ်ကို ဖြတ်ဆောက်ထားသော ဆင်ဖြူရှင်တံတားအကျော်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၁၀) Chindwin Fighter Group (CFG) မှ ဦးဆောင်ပြီး Farmers Revolution Force ၊ ဗန္ဓုလနှင့်အဖွဲ့သားများ နှင့် Brave Heart Army တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဇွန်လ ၂၄ ရက်နေ့ကလည်း BHA နှင့် မဟာမိတ်တပ်ဖွဲ့ ရှစ်ဖွဲ့ပူးပေါင်း၍ စစ်ကောင်စီတပ် အခြေစိုက်ထားသော တောပု (ပျူစောထီး) ရွာကို လက်လုပ် လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly