အသွင်ကူးပြောင်းရေး အောင်မြင်ပြီ။ ဘယ်သူတွေကို ဂုဏ်ပြုကြမလဲ။

အသွင်ကူးပြောင်းရေး အောင်မြင်ပြီ။ ဘယ်သူတွေကို ဂုဏ်ပြုကြမလဲ။
(ဓာတ်ပုံ - အီးပီအေ)

၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက် မနက် ၁၁နာရီ ၄၅ မိနစ်မှာ မြန်မာနိုင်ငံဟာ သမ္မတ ဦးသိန်းစိန် အစိုးရ အုပ်ချုပ်မှုအောက်ကနေ သမ္မတ ဦးထင်ကျော် အစိုးရအဖွဲ့ အုပ်ချုပ်မှုအောက်ဆီ ကူးပြောင်း ရောက်ရှိ သွားပါပြီ။ တနည်းပြောရရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပထမ အဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ ဆိုတာပါပဲ။ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက အချိန်ထိ မြန်မာပြည်သူတွေ ဟာကော်မရှင်ကနေ ရွေးကောက်ပွဲကိုလွတ်လပ်ပြီး တရားမျှတမှု ရှိရှိ ကျင်းပပေးပါ့မလား၊ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အင်န်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရတော့လည်း ဒီ ရလာဒ်ကိုတပ်မတော်က အသိအမှတ်ပြုပါ့မလား၊ အသိအမှတ်ပြုတယ်လို့ ပြောဆိုပြီးတော့လည်း သမ္မတ ဦးသိန်းစိန်ကတကယ် အာဏာလွဲှပေးပါ့မလား၊ ရွေးကောက်ပွဲပြီးဆုံးချိန်နဲ့ အာဏာလွဲှပြောင်းချိန် ကြားကာလ ဟာ ၅ လ နီးပါး ကြာမြင့်တာကြောင့် ဒီကာလ အတွင်းမှာ တစ်စုံတစ်ခု အပြောင်းအလဲတွေများ ဖြစ်လာလေဦးမလား ဆိုပြီး အမျိုးမျိုး စိုးရိမ်ပူပန်ခဲ့ကြရတာ ဖြစ်ပါတယ်။

အခုတော့ သမိုင်းဝင် အသွင်ကူးပြောင်းရေး အောင်မြင်ခဲ့ပါပြီ။ တိုင်းရင်းသား ပြည်သူတွေ လိုလားတောင့်တ တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး မတည်ဆောက်နိုင်သေးပေမယ့်၊ တပ်မတော်ဟာ နိုင်ငံရေးမှာ ဆက်လက် ပါဝင်နေသေးပေမယ့် ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ ရွေးကောက်ခံ အရပ်သား အစိုးရကိုတော့ ဖော်ဆောင်နိုင်ခဲ့ပါပြီ။ ဒီလို ဖော်ဆောင်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်၊ ကျေးဇူးတင်သင့် ကျေးဇူးတင်ထိုက်သူတွေ ရှိနေပါတယ်။ ဒီကနေ့ သူတို့ ကြောင်း ပြောပြပါ့မယ်။

ပထမဦးဆုံး ဂုဏ်ပြုထိုက်သူကတော့ အငြိမ်းစား သမ္မတကြီး ဦးသိန်းစိန် ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဖွဲ့စည်းပုံနဲ့ အညီ ကျင်းပတဲ့ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုမယ် ဆိုပြီး အသေအခြာ ပြောခဲ့သူ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြီးတော့လည်း ခိုင်မာတဲ့ ရလာဒ် ထွက်လာတဲ့အချိန် သဘောထားကို ပြောမယ် လို့ ပြောခဲ့ပေမယ့် နောက်ပိုင်း အချိန်စောပြီး ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုခဲ့ပါတယ်။ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုပြီးတာနဲ့ နောင် ပေါ်ပေါက်လာမယ့် သမ္မတ နဲ့ အစိုးရအဖွဲ့ကို ညင်ညင်သာသာ ချောချောမွေ့မွေ့ တာဝန်တွေ လွဲှပြောင်းပေးပါမယ်လို့ ကတိပေးခဲ့သလို၊ ကတိပေးတဲ့အတိုင်းလည်း အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး သမ္မတ အိမ်တော်မှာ တာဝန်လွဲှပြောင်းအပ်နှံတဲ့ စာချွန်တော်နဲ့ သမ္မတ ရဲ့ စလွယ် ပေးအပ်တဲ့အချိန်ထိ အငြိမ်းစား သမ္မတကြီး ဦးသိန်းစိန်ဟာ တာဝန်လွဲှပြောင်းရေးကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်ဆောင်ရွက်သွားခဲ့သူ ဖြစ်ပါတယ်။ ဒါတင်မက သမ္မတ ဦးသိန်းစိန်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တက်လာတဲ့ အစိုးရအဖွဲ့ကို ကောင်းကောင်းမွန်မွန် အာဏာလွဲှပြောင်းပေးရမယ် ဆိုတဲ့ အလွန်ကောင်းမွန်တဲ့ အစဉ်အလာတစ်ရပ် ဒီနိုင်ငံမှာ အုတ်မြစ်ချပေးခဲ့သူလည်း ဖြစ်တဲ့အတွက် သူ့ကို ဂုဏ်ပြုကြရမယ် ဖြစ်ပါတယ်။

နောက်တစ်ယောက်ကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ။ ၂၀၁၁ တပ်မတော်ကို သူတာဝန်ယူခဲ့ချိန်ကစ တိုင်းပြည်အတွက် တပ်မတော်အတွက် မှတ်တမ်း တင်လောက်စရာ ကောင်းတာတွေ အများကြီး လုပ်ကိုင်ခဲ့ပါတယ်။ အရင်စစ်အာဏာရှင်တွေခေတ်က လူ့အခွင့်အရေး ချိုးဖေါက်တဲ့ တပ်မတော် ဆိုပြီး စွတ်စွဲခံရတဲ့ အနေအထားကနေ ပြန်လည် ပြင်ဆင်ဖို့ ကြိုးစားခဲ့သူ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ လမ်းညွှန်မှုကို ခံယူပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် အစွမ်းကုန် ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အရေးပါဆုံး သမိုင်းဝင် ဆုံးဖြတ်ချက်ကတော့ ရွေးကောက်ပွဲကို အသိအမှတ်ပြုတာ၊ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုတာ၊ ပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့သစ်ကို အသိအမှတ်ပြုရုံမက တိုင်းပြည် အကျိုးစီးပွားအတွက် လက်တွဲ လုပ်ဆောင်သွားမယ်လို့ ကတိပြုချက်ပဲ ဖြစ်ပါတယ်။ ဒါတွေကို ဘာကြောင့် ဂုဏ်တင် ပြောရသလဲ ဆိုရင် သူ့အရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေ၊ အာဏာရှင်တွေဟာ သူ့လို လုပ်မသွားနိုင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အသိအမှတ်ပြုမှုကြောင့်လည်း အခုလို သမိုင်းဝင် အသွင်ကူးပြောင်းရေးကြီး ပေါ်ပေါက်လာတာမို့ သူ့ကိုလည်း ဂုဏ်ပြုအပ်တဲ့ လူအဖြစ် စာရင်းသွင်းရတာ ဖြစ်ပါတယ်။

နောက်တစ်ယောက်ကတော့ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ အရင် စစ်အာဏာရှင်တွေဟာ တိုင်းပြည်ကို စစ်ဘုရင် မင်းဆက်က အစဉ်အဆက် အုပ်စိုးသွားနိုင်အောင် ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲပြဌာန်းပေးသွားခဲ့ပါတယ်။ စစ်ခေါင်းဆောင်ဟောင်း တစ်ယောက် လက်ထက်၊ စစ်ခေါင်းဆောင်ဟောင်းတစ်ယောက်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံ ပါတီက ၃၄ ရာခိုင်နှုန်း ရရင် အစိုးရဖွဲ့နိုင်ပြီး၊ အခြားပါတီတွေကတော့ ၆၇ ရာခိုင်နှုန်းကျော် နိုင်မှ အစိုးရဖွဲ့နိုင်မယ့် ဖွဲ့စည်းပုံမျိုး ဖြစ်ပါတယ်။ သာမန်လူတွေသာဆို ဒီလို အခြေအနေမျိုးကို ကျော်လွှားအောင် လုပ်ဖို့ မလွယ်ကူပါဘူး။ ပြည်တွင်းမှာသာမက တကမ္ဘာလုံးက အံ့သြောမှင်တက်မိရလောက်အောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲလို အခြေအနေမျိုးကို ကျော်လွှားပြီး မဲအပြတ်အသတ် အနိုင်ရအောင်လုပ်၊ အသွင်ကူးပြောင်းရေးကို ဖြစ်ပေါ်ခဲ့စေသူ ဖြစ်ပါတယ်။

ဂုဏ်ပြုဖို့ အထိုက်တန်ဆုံးသူတွေကတော့ နှစ်ပေါင်းများစွာအတွင်း ဒီမိုကရေစီရေး၊ တိုင်းရင်းသား တန်းတူရေး အတွက် အသက် သွေးချွေးတွေ ပေးလှူသွားကြတဲ့ တိုင်းရင်းသားပြည်သူတွေ နဲ့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ကို တခဲနက် မဲပေးခဲ့ကြသူတွေပါပဲ။ သမိုင်းဝင် အသွင်ကူးပြောင်းရေးလို့ ပြောကြရမယ့် ဒီကနေ့လို အချိန်အခါမှာ အဲဒီ လူပုဂ္ဂိုလ်အားလုံးကို ဂုဏ်ပြုသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required