ပင်လယ်ထဲ အားကိုးရာမဲ့ဖြစ်နေသော ရိုဟင်ဂျာ ၂၀၀ ခန့်ပါ စက်လှေကို ကယ်တင်ရေး အရှေ့တောင်အာရှနိုင်ငံရေးသမားများ တောင်းဆို

ပင်လယ်ထဲ အားကိုးရာမဲ့ဖြစ်နေသော ရိုဟင်ဂျာ ၂၀၀ ခန့်ပါ စက်လှေကို ကယ်တင်ရေး အရှေ့တောင်အာရှနိုင်ငံရေးသမားများ တောင်းဆို

ဒီဇင်ဘာလ ၂၁ ရက်

ရက်သတ္တပတ်များနှင့်ကြာ ပင်လယ်ပြင်ထဲ မျောပါရင်း အားကိုးရာမဲ့ဖြစ်နေသော အမျိုးသမီးများနှင့် ကလေးများ ပါဝင်သည့် ရိုဟင်ဂျာဒုက္ခသည် ၂၀၀ ခန့် လိုက်ပါလာသည့် စက်လှေတစ်စီးကို ကယ်ဆယ်ပေးရေး အရှေ့တောင်အာရှ နိုင်ငံရေးသမားများက ဒီဇင်ဘာ ၂၀ ရက်တွင် တောင်းဆိုလိုက်သည်။

ရိုဟင်ဂျာ မွတ်စလင် ထောင်ပေါင်းများစွာတို့သည် မလေးရှား သို့မဟုတ် အင်ဒိုနီးရှားသို့ ရောက်ရှိနိုင်ရေး ကြိုးပမ်းရင်း ရံဖန်ရံခါ ခနော်နီခနော်နဲ့ စက်လှေများကို စီးလျက် နှစ်စဉ် ရှည်လျားပြီး စရိတ်ကြီးသော ပင်လယ်ပြင်ခရီးကို သက်စွန့်ဆံဖျား ထွက်ခွာနေကြသည်။

ရိုဟင်ဂျာဒုက္ခသည်များ လိုက်ပါလာသော ယခု စက်လှေသည် ကပ္ပလီပင်လယ်နှင့် ကမ္ဘာ့ သင်္ဘောအသွားအလာအများဆုံး ရေလမ်းကြောင်းတစ်ခုဖြစ်သည့် မလက္ကာ ရေလက်ကြားရှိ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် အိန္ဒိယတို့နှင့် နီးကပ်သော ရေပြင်တွင် ရှိနေသည်ဟု သိရသည်။

“အဲဒီစက်လှေကို သွားရောက်ရှာဖွေ ကယ်ဆယ်မှုတွေ လုပ်ပေးဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဒေသတွင်းမှာ ရှိတဲ့ အခြားနိုင်ငံတွေကို မိမိတို့ အရေးတကြီး ပန်ကြားပါတယ်” ဟု အင်ဒိုနီးရှားလွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သည့် အီဗာ ဆန်ဒါရီက ပြောသည်။ ဆန်ဒါရီသည် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

“အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေ အပြည့်ပါတဲ့ လှေတစ်စီး ကြီးလေးတဲ့ အန္တရာယ်နဲ့ ကြုံနေရပြီး သူတို့ကို ဒီအတိုင်း ပင်လယ်ထဲမှာ ဆက်လက်မျောနေခွင့်ပြုထားတာက အင်မတန် ဆိုးဝါးပြီး ရှက်ဖွယ်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အားကိုးရာမဲ့ ဖြစ်နေသော ဒုက္ခသည်များကို ကယ်ဆယ်ရန် နှောင့်နှေးကြန့်ကြာခြင်းက ပြောမပြနိုင်လောက်သည့် ထိခိုက်ခံစားရမှုနှင့် အသက်ဆုံးရှုံးမှုများကို ဖြစ်စေခဲ့ဖွယ် ရှိကြောင်း APHR ၏ ဥက္ကဋ္ဌ မလေးရှားလွှတ်တော်အမတ်ဟောင်း ချားလ်စ် ဆန်တီယာဂိုက ပြောသည်။

ယခု ရိုဟင်ဂျာ စက်လှေ၏ တည်နေရာ အတိအကျကို မသိရသလို ထိုစက်လှေသည် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာက စတင်ထွက်ခွာလာသည်ဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သို့သော် ထိုစက်လှေပေါ် လိုက်ပါသွားသည် ဆိုသည့် ရိုဟင်ဂျာတစ်ဦး၏ ဆွေမျိုးတစ်ဦးက အေအက်ဖ်ပီကို ပြောကြားရာတွင် စက်လှေပေါ် ပါသွားသည့် မိမိ၏ ဆွေမျိုး ရိုဟင်ဂျာခရီးသည်တစ်ဦးသည် မလေးရှားသို့ ရောက်နိုင်ရန် မျှော်မှန်းသွားရောက်ခြင်းဖြစ်ကြောင်းနှင့် ၎င်းကို ဘင်္ဂလားဒေ့ရှ်မှ ငါးဖမ်းစက်လှေငယ်တစ်စီးက ရေနက်ပိုင်းရှိ စက်လှေတစ်စင်းသို့ ခေါ်ယူပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပြန့်ကျဲတည်ရှိနေသော ဒုက္ခသည်ကမ့်စခန်းများတွင် ရိုဟင်ဂျာ တစ်သန်းခန့် နေထိုင်ပြီး အများစုသည် ၂၀၁၇ ခုနှစ်က အိမ်နီးချင်းမြန်မာနိုင်ငံ၌ စစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် ထွက်ပြေးလာခဲ့ကြသူများဖြစ်သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required