မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်ဟု တောင်ကိုရီးယားစစ်တပ် ပြော

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်ဟု တောင်ကိုရီးယားစစ်တပ် ပြော

ဒီဇင်ဘာလ ၂၀ ရက်

မြောက်ကိုရီးယားသည် ဒီဇင်ဘာ ၁၈ ရက်က တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောသည်။ ထိုမတိုင်မီ ပြီးခဲ့သည့် ရက်ပိုင်းက မြောက်ကိုရီးယားသည် လက်နက်စနစ်သစ်တစ်ခုအတွက် လောင်စာတောင့်သုံး မော်တာတစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ကြေညာထားခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်လက အဆင့်အမြင့်ဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အပါအဝင် မကြုံစဖူး များပြားသည့် လက်နက်စမ်းသပ်မှုများ လုပ်ဆောင်ထားခြင်းနှင့်အတူ ယခုနှစ်အတွင်း ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှုများက သိသိသာသာ မြင့်တက်နေခဲ့သည်။

မြောက်ကိုရီးယား၏ မြောက်ပိုင်းပြုံဂန်းပြယ်နယ် တုံချန်း-ရီ ဧရိယာမှ ပစ်လွှတ်လိုက်သော တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ထောက်လှမ်းသိရှိခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောသည်။

ဒုံးကျည်များကို ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၁၃ မိနစ်မှ ၁၂ နာရီ ၀၅ မိနစ်အကြား ဂျပန်ပင်လယ်ဟု သိကြသည့် အရှေ့ပင်လယ် ရေပြင်ထဲသို့ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

ဒုံးကျည်များကို ခပ်မြင့်မြင့်ကို မြောက်တက်စေသည့် လမ်းကြောင်းတစ်ခုဖြင့် ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ကီလိုမီတာ ၅၀၀ (၃၁၁ မိုင်) ခန့် ပျံသန်းခဲ့ကြောင်း JCS က ပြောသည်။ အမေရိကန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေးတို့သည် မြောက်ကိုရီးယား၏ ဒုံးကျည်ထုတ်လုပ်မှုနှင့် ပတ်သက်သည့် ဦးတည်ရာလားရာကို ထည့်သွင်းစဉ်းစားလျက်ဖြင့် ယခု ဒုံးကျည်ပစ်လွှတ်မှုကို အကဲခတ်လျက် ရှိကြောင်း JCS က ပြောသည်။

တုံချန်း-ရီ ဧရိယာတွင် တည်ရှိသည့် ဆိုဟေး ဂြိုဟ်တု လွှတ်တင်မှုနေရာတွင် ကင်းထောက်ဂြိုဟ်တု ထုတ်လုပ်မှုအတွက် အရေးပါသော နောက်ဆုံးအပြီးသတ်အဆင့် စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၁၉ ရက် အစောပိုင်းက ပြောသည်။

ထို့ပြင် မြောက်ကိုရီးယားသည် တွန်းကန်အားမြင့်သည့် လောင်စာတောင့်သုံး မော်တာတစ်ခုကို ဒီဇင်ဘာ ၁၅ ရက်က စမ်းသပ်ခဲ့ပြီး ယင်းသည် နောက်ထပ် မဟာဗျူဟာမြောက် လက်နက်စနစ် အမျိုးအစားသစ်တစ်ခု ထုတ်လုပ်မှုအတွက် အရေးပါသော စမ်းသပ်မှုဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

“ဒီနေ့ ပစ်လွှတ်တဲ့ ဒုံးကျည်တွေဟာ တာလတ်ပစ် ပဲ့ထိန်းဒုံးတွေ ဖြစ်တာကြောင့် ဒါဟာ ဒီဇင်ဘာ ၁၅ ရက်က စမ်းသပ်ခဲ့တဲ့ လောင်စာတောင့်သုံး အင်ဂျင်တပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်သစ် စမ်းသပ်ပစ်လွှတ်တာဖြစ်မယ်လို့ အကဲခတ်ရပါတယ်” ဟု စီဂျုံ အင်စတီကျူ့မှ သုတေသီ ချောင်ဆုန်ချန်းက ပြောသည်။

ဒီဇင်ဘာ ၁၈ ရက် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို တောင်ကိုရီးယားစစ်တပ်က အပြင်းအထန် ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်က ရန်စမှုတစ်ခုဖြစ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပြဋ္ဌာန်းချက်များကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောသည်။

“မြောက်ကိုရီးယားရဲ့ ဘယ်လို ရန်စမှုမျိုးကိုမဆို အခိုင်အမာ တုံ့ပြန်မှုတစ်ခု လုပ်သွားမယ့် လုပ်နိုင်စွမ်းအပေါ် အခြေတည်ပြီး မိမိတို့ စစ်တပ်ဟာ ခိုင်မာတဲ့ အသင့်အနေအထားတစ်ခုကို ဆက်ထိန်းထားပါတယ်” ဟု တောင်ကိုရီးယားစစ်တပ်က ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required