အင်ဒိုနီးရှား ငလျင်ကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှား ငလျင်ကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

နိုဝင်ဘာလ ၂၁ ရက်

အင်ဒိုနီးရှားနိုင်ငံ၏ အဓိကကျွန်းတစ်ကျွန်းဖြစ်သည့် ဂျာဗားကျွန်းတွင် နိုဝင်ဘာ ၂၁ ရက်က ငလျင်တစ်ခု လှုပ်ခဲ့ရာ လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး အဆောက်အအုံ ဒါဇင်များစွာ ထိခိုက်ပျက်စီးခဲ့သည်။

ငလျင်ကြောင့် သေဆုံး၊ ဒဏ်ရာရသူဦးရေ ထပ်မံမြင့်တက်လာနိုင်သေးကြောင်း စိုးရိမ်ပူပန်မှုများလည်း ထွက်ပေါ်နေသည်။

နိုဝင်ဘာ ၂၁ ရက်တွင် လှုပ်ခဲ့သည့် ငလျင်သည် ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိကာ အနောက် ဂျာဗားပြည်နယ် စီယန်ဂျာ ဒေသတွင် ဗဟိုပြု လှုပ်ခဲ့ပြီး အနက် ၁၀ ကီလိုမီတာ (၆ ဒသမ ၂ မိုင်) ရှိကြောင်း အမေရိကန် ဘူမိလေ့လာရေးဌာနက ပြောသည်။

ငလျင်လှုပ်ချိန် မြို့တော် ဂျကာတာတွင် မြို့နေပြည်သူများ ဘေးကင်းရေးအတွက် လမ်းများပေါ် ကမန်းကတန်း ပြေးထွက်ခဲ့ကြရသည်။

ငလျင်ကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး အေဂျင်စီက ပြောသည်။

အစ္စလမ္မစ် ဘော်ဒါကျောင်းတစ်ကျောင်း၊ ဆေးရုံတစ်ခုနှင့် အခြား အများပြည်သူဆိုင်ရာ အဆောက်အအုံတချို့ အပါအဝင် အဆောက်အအုံ ဒါဇင်များစွာ ထိခိုက်ပျက်စီးခဲ့သည်။

တချိန်တည်းမှာပင် ငလျင်ကြောင့် သေဆုံးသူ ၂၀ ခန့်အထိ ရှိပြီး လူ ၃၀၀ ကျော် ဒဏ်ရာရကြောင်း စီယန်ဂျာမှ အစိုးရအရာရှိတစ်ဦးဖြစ်သည့် ဟာမန်း ဆူဟာမန်းက Metro TV သတင်းချန်နယ်ကို ပြောသည်။

“ဒါက ဆေးရုံတစ်ရုံကပဲဖြစ်တယ်။ စီယန်ဂျာမှာ ဆေးရုံ လေးရုံ ရှိတယ်” ဟု သူက ပြောသည်။ သေဆုံးသူနှင့် ဒဏ်ရာရသူဦးရေ ထပ်တိုးလာနိုင်ဖွယ် ရှိကြောင်း သူက ပြောသည်။

ဂျကာတာ၏ အရှေ့တောင်ဘက် ၇၅ ကီလိုမီတာ (၃၅ မိုင်) ခန့်ရှိ စီယန်ဂျာ မြို့ရှိ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အဒမ်က ငလျင်ကြောင့် လူအများအပြား သေဆုံးကြောင်း အေအက်ဖ်ပီ သတင်းအေဂျင်စီကို ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required