အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်သူများအကြောင်း တစေ့တစောင်း

အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်သူများအကြောင်း တစေ့တစောင်း

ဩဂုတ် ၂၅၊ ၂၀၂၂ 
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းတွင် သိသိသာသာတိုးလာမှုတစ်ခုမှာ ငွေချေးလုပ်ငန်း လုပ်ကိုင်သည်ဆိုသော ဖေ့စ်ဘုတ်စာမျက်နှာများနှင့် လူအများ၏မှတ်ပုံတင်များ၊ ဓာတ်ပုံများကို အသုံးပြု ထားကာ ငွေချေးရယူထားဟန် ရေးသားထားချက်များဖြစ်သည်။  

ငွေချေးပေ့ချ်များအပေါ် လေ့လာတွေ့ရှိချက် 
ငွေချေးလုပ်ငန်းဟု အမည်ပေးထားသော ဖေ့စ်ဘုတ်ပေ့ချ်အချို့သည် ယခင်က အမည်အမျိုးမျိုးဖြင့် အသုံး ပြုခဲ့ပြီး နောက်တွင် ငွေချေးလုပ်ငန်းအမည်ဖြင့် ပြောင်းလဲအသုံးပြုလာကြသည်။ “ဆရာမိုးယံ”၊ “Shwe Lucky”၊ “ဦးခန့်မင်းကို”၊ “2D KING”  စသဖြင့် ဖွင့်လှစ်ထားခဲ့သည့် စာမျက်နှာများသည် အာဏာသိမ်း ပြီးသည့်အခါ “ဦးသိန်းဇော် ငွေချေးလုပ်ငန်း ပင်မရုံးချုပ်”၊ “For You Myanmar”၊ “KBZ ချေးငွေလုပ်ငန်း”၊ “Online Myanmar ချေးငွေလုပ်ငန်းဝန်ဆောင်မှု” စသော ငွေချေးလုပ်ငန်းစာမျက်နှာများ ဖြစ်လာကြ သည်။ 

  
  

ပေ့ခ်ျစဖွင့်သည့်အချိန်များကို လေ့လာကြည့်ရာတွင် ကိုဗစ်ကာလမှစတင်ပြီး အာဏာသိမ်းထားသည့် လက်ရှိအချိန်ထိ စီးပွားရေး ကြပ်တည်းနေသည့်ကြားတွင် အပြိုင်အဆိုင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ 
တရားဝင်လိုင်စင်ရထားသည့် ချေးငွေလုပ်ငန်းကုမ္ပဏီများ၏ ဖေ့စ်ဘုတ်ပေ့ခ်ျမှ ဓာတ်ပုံများကို အသုံးပြု၍ အမည်တူပေ့ချ်များဖွင့်ကာ အသုံးပြုကြသည်။ 
ထို့ပေ့ချ်များသည် နာမည်မတူကြသော်လည်း ချေးငွေရယူရန် လိုအပ်ချက်နှင့် အတိုးနှုန်းများအကြောင်း နှင့် ရေးသားထာသည့် ရည်ညွှန်းစာများလည်း တူညီသည်။
သီရိရွှေစင်ငွေစုငွေချေးလုပ်ငန်းနှင့် ကမ္ဘာရတနာရောင်ချေးငွေလုပ်ငန်းပေ့ချ်နှစ်ခုမှ  မုံရွာမြို့နယ်မှ မဇင်သွယ်သွယ်ဆွေကို ငွေထုတ်ချေးထားကြောင်းဖော်ပြမှုတွင် ရက်စွဲ၊ အချိန်၊ ငွေပမာဏ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် ချေးငွေလုပ်ငန်းအမည်သာကွဲလွဲပြီး ကျန်သည့်ဖော်ပြချက်များအားလုံး တူညီနေသည်။ အသုံးပြုသည့် အမှတ်သင်္ကတရုပ်ပုံများ၊ စာအရေးအသား၊ အဖြတ်အတောက်အားလုံး ကူးယူထားခြင်း ဖြစ်သည်။ ထိုနည်းလည်းကောင်း အခြားပေ့ချ်များစွာ၏ ဖော်ပြချက်များ တူညီမှုများ ရှိသည်။

ပေ့ချ်အများစု၏ရေးသားပုံမှာ ချေးငွေကို အွန်လိုင်းမှတဆင့် ထုတ်ချေးပေးမည်ဖြစ်ပြီး တစ်ကျပ်တိုးဖြင့် ငါးသိန်းမှ သိန်း ၅၀၀ အထိ ချေးယူနိုင်မည်ဖြစ်သည်။ အတိုးကို လစဉ်ပေးရမည်ဖြစ်ပြီး အရင်းကို အရစ်ကျ ခွဲဆပ်သွားရမည်ဖြစ်ကြောင်း ဖော်ပြသည်။ စတင်ချေးယူမည့် လူသစ်များအနေဖြင့် စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ ငွေလွှဲခ၊ တစ်လစာအတိုးကို ကိုယ်တိုင်ကျခံရကာ လူဟောင်းများက ပေးစရာမလိုကြောင်း ဖော်ပြသည်။ 
အချို့ပေ့ချ်များတွင်မူ ချေးငွေအတွက် အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်အပြင် မှတ်ပုံတင်နှင့် အိမ် ထောင်စုဇယား အရှေ့အနောက်ပုံနှင့် အမြဲကိုင်ဆောင်သောဖုန်းနံပါတ်များပါလိုအပ်ကြောင်း တဆက် တည်း ဖော်ပြကြသည်။
ပေ့ချ်အများစုမှာ ၎င်းတို့ထဲ ဆက်သွယ်ရန်အတွက် ဖုန်းနံပါတ်ကို တလက်စတည်း ဖော်ပြထားကြပြီး အချို့ပေ့ချ်များကမူ ပေ့ချ်၏ Chat box မှတဆင့် ဆက်သွယ်မေးမြန်းရန် ညွှန်းကြသည်။ 
မဟာဘောဂငွေချေးလုပ်ငန်းအမည်ရှိ ပေ့ချ်တွင် ယုံကြည်စိတ်ချစွာ ငွေချေးနိုင်ကြောင်း၊ အွန်လိုင်း၌သာ ငွေချေးပေးခြင်းဖြစ်ကြောင်း၊ ပေ့ချ်၏ Messenger ၌သာ အသေးစိတ်ရှင်းပြမည်ဖြစ်ကြောင်းနှင့် ရုံးကိုမူ ခေတ္တခဏ ပိတ်ထားကြောင်းဖော်ပြပြီး ဖုန်းနံပါတ် မပါရှိပေ။ ထိုနည်းတူ ဖုန်းနံပါတ်မဖော်ပြဘဲ ပေ့ချ်၏ Chat box ခေါ် ပေ့ချ် မက်စင်ဂျာတွင်သာ လာရောက်မေးမြန်းရန် ညွှန်းဆိုသော ပေ့ချ်များလည်း ရှိသည်။ 

ဖုန်းနံပါတ်ဖော်ပြထားသည့် ပေ့ချ်များထဲမှ ဖုန်း ၃၆ လုံးကို မဇ္ဈိမကဆက်သွယ်ခဲ့ရာတွင် ဆက်သွယ်မှု ဧရိယာပြင်ပဖြစ်နေခြင်း၊ စက်ပိတ်ထားခြင်း၊ ဖုန်းမကိုင်ခြင်း၊ တပ်ဆင်ထားခြင်းမရှိခြင်း၊ ဖုန်းမှားနေခြင်း စသည့်အကြောင်း များကြောင့် ဆက်သွယ်မရသည့်ဖုန်း ၂၉ လုံးရှိသည်။ ထို့ပြင် ဆက်သွယ်ရသည့် ဖုန်း နံပါတ်များမှာမူ ဖုန်းဖြင့်ဖြေကြားခြင်းမပြုဘဲ Viber သို့မဟုတ် ပေ့ချ်၏ Chat box တွင်သာ သွားရောက် မေးမြန်းရန် ညွှန်းဆိုကြသည်။ 
ပြန်လည်ဖြေဆိုသူတစ်ဦးသာရှိခဲ့ပြီး ၎င်းမှလည်း အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်ပုံများ ပေးရမည်ဖြစ် ပြီး ကျပ် ၁၀ သိန်းမှ သိန်း ၃၀၀ အထိချေးနိုင်ပြီး ဝန်ဆောင်ခအနေဖြင့် ၅၅,၀၀၀ ကျပ်ပေးရမည်ဟု ဆိုသည်။ ချေးငွေလျှောက်မည်ဆိုလျှင် Viber မှ အချက်အလက်များပေးပို့ရမည်ဖြစ်ပြီး ငွေကျပ် ၁၀ သိန်းကို နှစ်နှစ် ဆပ်ရမည်ဖြစ်ကာ တစ်နှစ်လျှင် ငါးသိန်း၊ အတိုး တစ်လ ၁၀,၀၀၀ ဖြင့် နောက်ကျလျှင် တစ်ရက် ၁၀,၀၀၀ ဒဏ်ကြေးပေးရမည်ဟုဆိုသည်။ သို့သော် ရုံးတည်နေရာကို မေးမြန်းရာတွင် ဖြေဆို ခဲ့ခြင်း မရှိပေ။
တဖန် ထိုပေ့ချ်များ၏ အခြားဖော်ပြချက်တစ်ခုမှာ ၎င်းတို့မှ ချေးငွေမည်သူ့ကို မည်မျှပေးလိုက်ပြီဖြစ် ကြောင်း လူပုံနှင့်တကွ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားပုံများကိုပါ ထည့်သွင်းကြော်ငြာခြင်းဖြစ်သည်။ ၎င်းတို့အနက်မှ မှတ်ပုံတင်ပုံမှာတူညီနေပြီး မှတ်ပုံတင်၌ဖော်ပြထားသည့် အမည်အတိုင်းဖော်ပြကာ လူ ပုဂ္ဂိုလ်တွင်မူ အမျိုးမျိုးဖော်ပြထားကြသည်။ 
ဥပမာဆိုရလျှင် မနီနီလွင်အမည်ရှိ မှတ်ပုံတင်ပုံကိုအသုံးပြု၍ “ဇွဲထက် ချေးငွေလုပ်ငန်း”၊ “မြစိမ်းရောင် ချေးငွေလုပ်ငန်း”၊ “မြစိမ်းရောင် တရားဝင်ချေးငွေလုပ်ငန်း”၊ “ဦးသိန်းထွန်း အာမခံချေးငွေလုပ်ငန်း” စသ ဖြင့် ငွေချေးသည့်ပေ့ချ်များမှ ငွေချေးပေးသည့် အကြိမ်ပေါင်း ၃၀ ထက်မနည်းရှိနေသည်။ သို့သော် ၎င်း တို့ဖော်ပြမှုတွင် မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတူညီသော်လည်း တွဲလျက်ဖော်ပြခံရသည့် အမျိုးသမီး ပုံများမှာ မတူညီချေ။ 
 

ထိုအမျိုးသမီးများအနက်မှ နှစ်ဦးသာ မည်သူမည်ဝါဟူ၍ အတည်ပြုနိုင်ခဲ့သည်။ တစ်ဦးမှာ ဘီးလင်းမြို့ နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၏ဓါတ်ပုံဖြစ်ပြီး ကျန်တစ်ဦးမှာ San San Win အမည်ရှိ ဖေ့စ်ဘုတ်အကောင့်အသုံးပြုသည့် အမျိုးသမီးဖြစ်သည်။ ၎င်းကိုယ်တိုင် သူမပုံကိုပြန်လည် Share ခဲ့ပြီး ချေးငွေပေ့ချ်မှ ဖြန့်ဝေထားသည့်ပုံမှာ သူမဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သို့သော် သူမသည် အလှကုန်ပစ္စည်းများရောင်းချသူတစ်ဦးဖြစ်ပြီး ငွေချေးခဲ့ခြင်းလည်း မရှိပေ။ 
       
ထိုငွေချေးပေ့ချ်များ၏ ဝေဖန်စာ(review)ရေးသားချက်တွင် အခြားဖေ့စ်ဘုတ်အသုံးပြုသူများမှ လူလိမ် များဖြစ်ကြောင်း၊ ငွေကြိုလွှဲခိုင်းပြီး ဘလော့ပြေးနေသည့် အုပ်စုလိုက်လူလိမ်များဖြစ်ကြောင်း ငွေလွှဲခိုင်း ပြီးသည်နှင့် တန်းဘလော့သောကြောင့် သတိထားကြရန် သတိပေးရေးသားထားကြသည်။
ဘဏ်ချေးငွေလုပ်ငန်းအတု
ငွေချေးလုပ်ငန်းပေ့ချ်များသည် ဘဏ်အမည်အသုံးပြု၍ ထိုဘဏ်များမှ အွန်လိုင်းငွေချေးပေးသယောင် လည်းပြုမူကြသည်။ မဇ္ဈိမ၏လေ့လာမှုများအရ ကမ္ဘာဇဘဏ်၊ ဧရာဝတီဘဏ်နှင့် ကမ္ဘာ့ရတနာဘဏ်တို့ ၏အမည်များကိုအသုံးပြု၍ အွန်လိုင်းငွေချေးဝန်ဆောင်မှုပေ့ချ်များရှိနေသည်။ ထိုအကြောင်းနှင့်ပတ် သက်၍ ဧရာဝတီဘဏ်နှင့် ကမ္ဘာ့ရတနာဘဏ်တို့ကိုမေးမြန်းခဲ့ပြီး ၎င်းတို့မှ အွန်လိုင်းချေးငွေဝန်ဆောင်မှု မပေးကြောင်းနှင့် Blue Mark ပါရှိသည့် ၎င်းတို့၏ဖေ့စ်ဘုတ်စာမျက်နှာများကိုသာ အသုံးပြုကြောင်း ဖြေကြားသည်။ 
ထို့ပြင် ကမ္ဘာ့ရတနာဘဏ်၏ အမှတ်တံဆိပ်ကိုအသုံးပြု၍ မြန်မာနိုင်ငံတွင် အမှန်တကယ်မရှိသည့် မြန်မာ့ ရတနာဘဏ်ဟုဆိုထားသည့် ငွေချေးပေ့ချ် တစ်ခုကိုလည်း‌ တွေ့ရသည်။ 
       

အမည်တူ ငွေချေးလုပ်ငန်းပေ့ချ်များ
ငွေချေးပေ့ချ်များကို လေ့လာရာတွင် အမည်တူပေ့ချ်ပေါင်း များစွာရှိနေသည်။  ဇွဲထက် ငွေချေးလုပ်ငန်း အမည်ဖြင့် ၉၀ ခု ၊ မြစိမ်းရောင်ချေးငွေလုပ်ငန်းဖြင့် ၇၇ ခု၊ SME နှင့် မြရတနာအမည်ဖြင့် ၇၆ ခုစီရှိပြီး၊ အောင်သမာဓိအမည်ဖြင့် ၇၄ ခု၊ အွန်လိုင်းချေးငွေလုပ်ငန်းအမည်ဖြင့် ပေ့ချ် ၅၀ ခု အသီးသီးရှိနေသည်။ 
အခြားအမည်များဖြစ်သော ဧရာဝတီဘဏ်၊ ကမ္ဘာဇဘဏ်၊ ကမ္ဘာ့ရတနာဘဏ်စသည့် ဘဏ်လုပ်ငန်း အမည်များ၊ မဟာဘောဂ၊ ထိပ်တန်းအမည်များ၊ လူပုဂ္ဂိုလ်အမည်ဖြင့် ဦးသန်းထွန်း၊ ဦးဇော်၊ ဖူးပွင့်ခိုင် စသည့်ဖြင့် ငွေချေးစာမျက်နှာပေါင်းများစွာလည်း ရှိနေသည်။ 
မဇ္ဈိမမှ ရှာဖွေတွေ့ရှိခဲ့သည့် ပေ့ချ်ပေါင်း ၆၀၀ ကျော် ရှိနေသည်။ ဤသည်မှာ အမည်တူပေ့ချ်များ၏ အရေ အတွက်သာဖြစ်ပြီး ထိုထက်များစွာ ရှိနေနိုင်သည်။ 
အဆိုပါ ပေ့ခ်ျများတွင် အသုံးမပြုတော့သည့် ပေ့ခ်ျများရှိသကဲ့သို့ အသုံးပြုနေဆဲ ပေ့ခ်ျများကိုလည်း တွေ့ရ သည်။ ထိုပေ့ချ်များကို ကြိုက်နှစ်သက်သူ (like) ပြုလုပ်ထားသူ ရာကျော်မှ သောင်းကျော်အထိ ရှိနေ သည်။
  

တရားဝင် ငွေချေးလုပ်ငန်းများအသွင်ဆောင်ထားခြင်း 
အဗန့်အမည်ဖြင့် ငွေချေးလုပ်ငန်းပေ့ချ် ၁၇ ခုကို တွေ့ရပြီး ထိုပေ့ချ်များသည် “sweet Love”၊ “ပညာရေး စာပေများ”၊ “မြစိမ်းရောင် ငွေချေးလုပ်ငန်း” စသည့် အမည်အမျိုးမျိုးဖြင့် စတင်ဖွင့်လှစ်ခဲ့ကြပြီး Like နှင့် Follower ပြုလုပ်သူအရေအတွက် လေးသောင်းကျော်အထိ အများဆုံး ရှိနေသည်။ 

ထိုအမည်ဖြင့် တရားဝင် အသေးစားချေးငွေလုပ်ငန်း ရှိ/ မရှိ စိစစ်ရာတွင် ကုမ္ပဏီ စီမံခန့်ခွဲရေး ညွှန်ကြား ရေးမှူး(DICA)၏ ဝက်ဆိုက်သို့ဝင်ရောက်ရှာဖွေခဲ့ပြီး တရားဝင်ငွေချေးလုပ်ငန်းကုမ္ပဏီများအဖြစ် အတည် ပြုနိုင်ခဲ့သည်။ 

 
အမှန်အကန်ငွေချေးလုပ်ငန်းလုပ်ကိုင်သည့် ပေ့ချ်တစ်ခုအဖြစ်အတည်ပြုနိုင်သည့် ရုံးတည်နေရာ အတိအ ကျ၊ ဝက်ဘ်ဆိုက်လိပ်စာများအပြင် သက်ဆိုင်ရာနယ်ရုံးခွဲများပါရှိသော “Advans Myanmar” ဖေ့စ်ဘုတ် ပေ့ချ်မှလည်း  “ပေ့ချ်အတုများအား သတိပြုနိုင်ရန် အသိပေးအကြောင်းကြားခြင်း” ဟုဆိုကာ ဇွန် ၂၈ ရက် နေ့က ထုတ်ပြန်ထားသည်။ 

ထိုထုတ်ပြန်ချက်တွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိထားသည့် အဗန့်(စ်)အမ်အက်ဖ်အိုင်မြန်မာငွေရေးကြေးရေးအဖွဲ့အစည်းအနေဖြင့် ယနေ့အချိန် အထိ အွန်လိုင်းမှတစ်ဆင့် ချေးငွေထုတ်ချေးပေးခြင်း၊ စပေါ်ငွေကြိုတင်လွှဲခိုင်းခြင်း စသည့် အွန်လိုင်း ချေးငွေဝန်ဆောင်မှုလုပ်ငန်းများအား လုံးဝမပြုလုပ်သည့် အဖွဲ့အစည်းအဖြစ် ပါဝင်သည်။
ထို့အပြင် အဆိုပါ အကောင့်အတု၊ ပေ့ချ်အတုများသည် အဗန့်(စ်)မြန်မာနှင့် လုံးဝမသက်ဆိုင်ကြောင်းနှင့် ၎င်းပေ့ချ်အတုများကြောင့် ငွေကြေးဆုံးရှုံးမှု၊ အငြင်းပွားမှုများဖြစ်ပေါ်လာပါက အဗန့်(စ်)မြန်မာအနေဖြင့် လုံးဝ ဖြေရှင်းပေးမည်မဟုတ်ကြောင်း ကြိုတင်၍ အသိပေးအပ်သည်ဟု ရေးသားထားသည်။

 
အဗန့်(စ်) အမ်အက်ဖ်အိုင် မြန်မာ၏ ထုတ်ပြန်ချက်ကို အောက်တွင်ကြည့်နိုင်သည်။
https://bit.ly/3psSEau

ဖေ့စ်ဘုတ်ကြော်ငြာဖြင့် အသုံးပြုနေသည့် ငွေချေးပေ့ချ်များ
“ရွှေရတနာ အာမခံချေးငွေလုပ်ငန်း” ၊ “လိုင်စင်ရ အာမခံ ချေးငွေ” နှင့်  “ထိုင်း အာမခံချေးငွေလုပ်ငန်း” စသည့်ပေ့ချ်များသည် ၂၀၂၂ ခုနှစ်အတွင်းက စတင်တည်ထောင်ထားကြသည့် ပေ့ချ်များဖြစ်ပြီး ၎င်းတို့၏ ပို့စ်များကို ဖတ်ရှုသူများရန် ဖေ့ဘုတ်သို့ ငွေပေးချေပြီး  ကြော်ငြာထည့်သွင်းထားကြသည်။ ထိုပေ့ချ်များသို့ ဝင်ရောက်ကြည့်ရှုရာတွင် ရုံးတည်နေရာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များအပြင် အခြားတရားဝင်မှု တစ်ခုမှ မရှိချေ။ 
ထိုင်း အာမခံချေးငွေလုပ်ငန်းပေ့ချ်တစ်ခုသာ လိုင်စင်ရအမှတ် − ၂၀၂၀၆ ဟု ဖော်ပြထားပြီး အလားတူ ဆက်သွယ်ရန် ဖုန်းနံပါတ်ပင်မဖော်ပြပဲ ပေ့ချ်မက်စင်ဂျာ၌သာ ဆက်သွယ်ရန်ဖော်ပြသည်။ ဤသည်မှာ လက်ရှိ ထည့်သွင်းကြော်ငြာထားသည့် ပေ့ချ်များသာ ဖြစ်ပြီး ထို့ထက်မက ရှိနေနိုင်သေးသည်။ 

 
တရားဝင်ခွင့်ပြုထားတဲ့ ချေးငွေလုပ်ငန်းများ
အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့်လုပ်ကိုင်နေသည့် ချေးငွေ လုပ်ငန်းများနှင့် ဆက်သွယ်ကြည့်ရာတွင် အွန်လိုင်းမှ ဝန်ဆောင်မှုပေးခြင်း မရှိသေးကြောင်း ဖြေဆိုသည်။
ငွေချေးရာတွင်လိုအပ်သည့် အချက်အလက်များကိုစိစစ်၍ မြေပြင်တွင်ကွင်းဆင်းကြည့်ရှုပြီးမှသာ ချေးငွေ ထုတ်ပေးခြင်းဖြစ်ခြင်း အယ်အိုအယ်စီ မိုက်ခရိုဖိုင်းနန့်စ်မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။ ထို့ပြင် ငွေကြို တောင်းခံခြင်းမရှိဘဲ လူတွေ့ ငွေချေးပေးခြင်းသာရှိကြောင်း ဖြေဆိုသည်။ 
တရားဝင် ငွေချေးလုပ်ငန်းလုပ်ကိုင်နေသည့်ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးထံသို့ မေးမြန်းရာတွင်  “မဖြစ်နိုင် ဘူး အဲ့ဒါတွေက။ မဖြစ်နိုင်ဘူးဆိုတာက ကျွန်တော်တို့မိုက်ခရိုဖိုင်းနန့်စ်ကကြတော့ စာရွက်စာတမ်း မူရင်း တွေမယူဘူး။ မယူဘဲနဲ့ ကျွန်တော်တို့က မိတ္တူတွေနဲ့ အလုပ် လုပ်တာပေါ့နော်။ ဒါပေမယ့် မူရင်းကို အပြင် မှာတိုက်ဆိုင်စစ်ဆေးရတာမျိုးတော့ ရှိတာပေါ့နော်။ ဘဏ်တွေလိုပဲပေါ့နော်။ ဘဏ်တွေလို ပုံစံမျိုး စာရွက် စာတမ်း အထောက်ထားတွေ သေချာကြည့်ပြီးတော့မှ လူတစ်ယောက်ကို ချေးငွေထုတ်ပေးရတာပေါ့ အဲဒီ လိုပုံစံမျိုး” ဟု ၎င်းမှ လုပ်ငန်းသဘောတရားကို ရှင်းပြသည်။ 
ထို့ပြင် ပေ့ချ်အတုများအကြောင်းကို “အွန်လိုင်းကလျှောက်တယ်ဆိုတဲ့ဟာတွေက ကျွန်တော်တို့ မိုက်ခရို ဖိုင်းနန်စ့်က ပုံတွေကိုယူပြီးတော့ အခုဆိုရင်အများကြီးပဲပေါ်လာတာ ကျွန်တော်တို့ရဲ့ပေ့ခ်ျတွေကို ပုံစံတူ ပုံမှားရိုက်ပြီးတော့ လိမ်ကြတာပေါ့နော်။ အဲ့ဒါမျိုးတွေတော့ဖြစ်လာတယ်” ဟုဆိုသည်။ 
ထိုသို့ အသေးစားချေးငွေလုပ်ငန်းလုပ်ကိုင်ရာတွင် အစိုးရမှတရားဝင်ချပေးသည့် လိုင်စင်ရှိရမည်ဖြစ်ပြီး ထိုအတွက် ရုံးတည်နေရာ၊ သက်ဆိုင်ရာ ရုံးခွဲများ၊ ငွေကြေးလုံလောက်မှုရှိသည့် ကုမ္ပဏီ ဟုတ်မဟုတ် အစစ်ဆေးခံနိုင်မှသာ အသေးစားချေးငွေ ကုမ္ပဏီတည်ထောင်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ထိုသို့ ချေးငွေကုမ္ပဏီတစ်ရာကျော်ရှိကြောင်း ၎င်းမှဆိုသည်။ 
ထို့ပြင် ငွေချေးယူမည့်သူများအနေဖြင့်လည်း “မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ နေရပ်လိပ်စာ၊ သူ့ရဲ့ပိုင် ဆိုင်မှုတခုခုရှိတယ်ဆိုရင် နောက်ပြီး အဓိကကျတဲ့ဝင်ငွေပေါ့နော် မိသားစုဝင်ငွေပဲဖြစ်ဖြစ် ကိုယ်ပိုင် အလုပ်ပဲဖြစ်ဖြစ် ဝန်ထမ်းပဲဖြစ်ဖြစ်ပေါ့ ဝင်ငွေတခုခုရှိရင် ချေးငွေလျှောက်လို့ရပြီပေါ့။ ဒါကတော့ အခြေခံ ပေါ့ အဲ့လိုပုံစံပေါ့” ဟု လိုအပ်သည့် အချက်အလက်များနှင့် ပတ်သက်ပြီး ရှင်းပြသည်။ 
အတိတ်က သင်ခန်းစာ
လွန်ခဲ့သည့် ၂၀၀၃၊ ၂၀၀၄ ခုနှစ်ဝန်းကျင်တွင် ဖြစ်ပေါ်ခဲ့သည့် ဘဏ်အကျပ်အတည်းကြောင့်  မြန်မာ နိုင်ငံတွင် လူသိ များသည့် အာရှဓနဘဏ်၊ မြန်မာမေဖလားဝါးဘဏ် အပါအဝင် အသေးစား ငွေစု၊ ငွေချေး လုပ်ငန်း ၁၀ ခုဝန်းကျင် ခန့် လိုင်စင်ပိတ်သိမ်းပြီး ဒေဝါလီ ခံခဲ့သည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ဖူးသည်။
ထိုအချိန်က ဘဏ်များတွင် အပ်နှံထားသည့် အပ်နှံငွေများကို အရစ်ကျစနစ်ဖြင့် ပြန်လည်ထုတ်ယူခွင့် ရခဲ့သော်လည်း သစ္စာပန်းခင်း၊ ဧရာမြေ၊ မဟာဓနံ အစရှိသည့် အသေးစား ငွေစု၊ ငွေချေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများမှာ ငွေအစုလိုက်အပြုံလိုက် လိမ်လည်ခံခဲ့ရပြီး၊ ငွေကြေးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရ သည်။ 

အလိမ်မခံရစေဖို့
ကိုဗစ်−၁၉ ကြောင့် စီးပွားရေးကြပ်တည်းမှုအပြင် စစ်တပ်မှ အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်လာသည့် စီးပွားရေး ကျဆင်းလာမှု၊ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာမှု၊ အလုပ်အကိုင် ရှားပါးလာမှုတို့နောက် အင်တာနက်ပေါ်တွင် လိမ်လည်မှုများတိုးလာခဲ့သည်ကို တွေ့ရသည်။  
ဤသည်ကို အခွင့်ကောင်းယူ၍ အွန်လိုင်းမှနေ ငွေချေးပေးမည်ဖြစ်ကြောင်း၊ စာရွက်စာတန်းဖြင့် ငွေချေး ဝန်ဆောင်မှုအတွက် ကျသင့်ငွေကြိုတင်လွှဲပေးပါရန် သင့်ထံဆက်သွယ် ပြောကြားလာသူတိုင်းကို မယုံ ကြည်ကြရန်နှင့် စိစစ်ကြရန် တိုက်တွန်းတင်ပြလိုက်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

#Misinformation_Buster
#ချေးငွေလုပ်ငန်း 
#ငွေကြေးလိမ်လည်မှုများ
#သုံးသပ်ချက်ဆောင်းပါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required