အာရှတွင် အကြီးမားဆုံးဖြစ်သည့် Cobra Gold စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၉တွင် စတင်ရန် အတည်ပြု

အာရှတွင် အကြီးမားဆုံးဖြစ်သည့် Cobra Gold စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၉တွင် စတင်ရန် အတည်ပြု

ဘန်ကောက်၊ ဇန်နဝါရီ ၂၁ ။             ။ အာရှတွင် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်သော Cobra Gold စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၉ တွင် စတင်ကာ ၁၁ ရက်ကြာမြင့်မည်ဖြစ်ကြောင်း အမေရိကန်သံရုံးက ဇန်နဝါရီ ၂၁ တွင် ကြေညာခဲ့သည်။

စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်နိုင်သည့် တပ်ဖွဲ့ဝင်အရေအတွက်မှာ သံရုံး၏သတင်းထုတ်ပြန်ချက်တွင် မပါဝင်ခဲ့သော်လည်း လေ့ကျင့်မှုတွင် နိုင်ငံပေါင်း နှစ်ဒါဇင်ပါဝင်မည်ဟု ဖော်ပြထားသည်။ ခါတိုင်းကဲ့သို့ပင် အမေရိကန်နှင့် ထိုင်းမှတပ်ဖွဲ့ဝင်များ အများဆုံးပါဝင်မည်ဖြစ်သည်။

အမေရိကန်က ၎င်း၏တပ်ဖွဲ့ဝင်အရေအတွက် နောက်တစ်ကြိမ်လျှော့ချလိမ့်မည်ဟု မျှော်လင့်ရသည်။ ၂၀၁၄ခုနှစ် မေလက စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံသို့ အမေရိကန်၏ အကူအညီမှာ ရပ်ဆိုင်းထားသည်။ ထိုနှစ် လအနည်းငယ်ကြာသည်အထိ Cobra Gold စစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းနိုင်သည်ဆိုသည့် ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုမှာ ဗီယက်နမ်တပ်များ ကမ္ဘောဒီးယားကို သိမ်းပိုက်ချိန် စစ်အေးကာလကတည်းက ရှိနေခဲ့သည်။

ယခုနှစ် စစ်ရေးလေ့ကျင့်မှုက ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေပြီး ပင်လယ်ဓါးပြတိုက်ဖျက်ရေး လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးပို့ခြင်းနှင့် ကပ်ဘေးကယ်ဆယ်ရေးတို့ကဲ့သို့ ရှုပ်ထွေးများပြားသည့် စစ်ဆင်ရေးဆင်နွှဲရာတွင် ပူးပေါင်းဆောင်ရွက်မှု၌ လေ့ကျင့်သည့်နိုင်ငံများ၏ စွမ်းဆောင်ရည် မြင့်မားလာမည်ဟု သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြီးတန်းခေါင်းဆောင်များအတွက် နှီးနှောဖလှယ်ပွဲပြလုပ်စဉ် အဓိကစစ်ဆင်ရေးမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးခြင်းဖြစ်လိမ့်မည်ဟု သိရသည်။ ကွင်းဆင်းလေ့ကျင့်ပေးသည့် လေ့ကျင့်ခန်း တစ်ခုဖြစ်မည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သော်လည်း အသေးစိတ်အချက်အလက်များ မဖော်ပြခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required