ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီ ၈ရက်မှသာ ကျင်းပမည်

ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီ ၈ရက်မှသာ ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ။             ။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းဝေးကို ဖေဖော်ဝါရီ ၁ရက် အစား ဖေဖော်ဝါရီ ၈ရက်မှသာ စတင်ကျင်းပမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

ယခင်က ဖေဖော်ဝါရီ ၁ရက်တွင် လွှတ်တော်အစည်းဝေးစတင်ရန် ကြေညာထားသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းဝေးများသို့ အထူးလေ့လာသူအဖြစ် တက်ရောက်ရန် ဖိတ်ကြားထားသည့်အတွက် ရက်ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း   ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အကြောင်းကြား စာပေးပို့ခဲ့ခြင်း ဖြစ်သည်။

"တို့ဆီကိုတော့ အကြောင်းကြားစာပို့လာတယ်။ တို့အနေနဲ့လည်း ဒါကို သက်ဆိုင်ရာ ကိုယ်စားလှယ်တွေဆီ ပြန်ပို့ မှာပေါ့"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောသည်။

အဆိုပါ ရက်ပြောင်းခြင်းအကြောင်းကြားစာကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဇန်နဝါရီလ ၁၉ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ယင်းနေ့၌ပင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပေးပို့အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းဝေး စတင်ကျင်းပမှုများကို အထူးလေ့လာသူအဖြစ် တက်ရောက်ရန် ဒုတိယအကြိမ် တိုင်းနှင့် ပြည်နယ် လွှတ်တော်များအတွက် ရွေးခြယ် တင်မြောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပါတီအလိုက် အင်အားသတ်မှတ်ဖိတ်ကြားထားကြောင်း မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့က အကြောင်းကြားလာသည့်အတွက် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းဝေးကို ဖေဖော်ဝါရီ ၈ရက်တွင် ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required