နေထိုင်လို သူ မိသားစု ပိုမိုများပြားလာ

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ပြ နေရာများထက် ဆင်ခြေဖုံးနေရာများကို မြို့နေလူထုက ရွေးချယ်နေထိုင်လိုမှု ပိုမိုများပြားလာသည်ဟု အွန်လိုင်းအခြေပြု အိမ်ခြံမြေရောင်းဝယ်ရေး ဝက်ဘ်ဆိုက် House.com.mm ၏ တာဝန် ရှိသူများက ပြောသည်။
ရန်ကုန်မြို့ပြ၏ အိမ်ခြံမြေဈေးနှုန်းများ အဆမတန်မြင့်တက်မှု၊ လူနေထူထပ်မှု၊ သွားရေးလာရေး ကျပ်တည်းမှုများကြောင့် ရန်ကုန်မြို့တွင်းနေထိုင်လိုမှု များ လျော့ကျလာပြီး ရန်ကုန်မြို့စွန်နေရာများတွင်သာ ပိုမို နေထိုင်လိုမှု များပြားလာသည်ဟု အဆိုပါ ဝက်ဘ်ဆိုက်၏ လေ့လာမှုအရ ဆိုသည်။
၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းများ အခြေစိုက်လာသည့် ရန်ကုန်မြို့ အိမ်ခြံမြေဈေးနှုန်းများသည် လူလတ်တန်းစားများ လက် လှမ်းမမီနိုင်သည့်အနေအထားဖြစ်လာပြီး လက်ရှိတွင် မော်တော်ယာဉ်သုံးစွဲမှု များပြားလာခြင်းကြောင့်လည်း သွားလာရေး ခက်ခဲမှုများ ပိုမိုတိုးပွားလာနေသည်။
၂ဝ၁၄ ခုနှစ်အတွင်း အဆိုပါအွန်လိုင်း အိမ်ခြံမြေရောင်းဝယ်ရေးဝက်ဘ်ဆိုက်သို့ ဝင်ရောက်ရှာဖွေမှုများတွင် ပထမခြောက်လထက် ဒုတိယ ခြောက်လတာ ကာလအတွင်း၌ ရန်ကုန်မြို့စွန်နေရာများကို ရှာဖွေမှုမှာ ၄၇ ရာခိုင်နှုန်း ပိုမိုများပြားလာခဲ့သည်။
လူနေသိပ်သည်းသည့် ရန်ကုန်မြို့တွင်း မြို့နယ်များထက် မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ် များကို ရွေးချယ်နေထိုင်လိုမှု များပြားလာပြီး အဆိုပါ မြို့နယ်များတွင် အိမ်ခြံမြေ ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာသော်လည်း မြို့တွင်း နေရာများနှင့် နှိုင်းယှဉ်လျှင် နည်းပါးသေးသည်ဟု House.com.mm ၏ တာဝန်ရှိသူများက ပြောသည်။
မြို့တွင်းနေရာများတွင် တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၉ဝဝ ဝန်းကျင် ဈေးနှုန်းသည် မြို့ပြင်နေရာများ၌မူ ခြံဝင်းနှင့် အိမ်တစ်လုံးရရှိနိုင် သည့် ဈေးနှုန်း ဖြစ်နေခြင်းကြောင့် မြို့စွန်နေရာများ၌ နေထိုင်လိုမှုများပြား ခြင်းဖြစ်သည်ဟု အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဆိုသည်။
မော်တော်ယာဉ်တင်သွင်းလာမှု များပြားလာခြင်းကြောင့် လူလတ်တန်းစားများသည် သွားလာရေး လွယ်ကူသည့် မြို့စွန် ဆင်ခြေဖုံးဒေသ များကို ရွေးချယ်နေထိုင်လိုမှု များပြားလာပြီး အခြားမြို့နယ်များထက် လှိုင် သာယာမြို့နယ်အတွင်း အိမ်ခြံမြေရှာဖွေမှုများ မြင့်တက်လာနေသည်ဟု ၎င်းးတို့က ပြောသည်။