အာရှဖွံ့ဖြိုးရေးဘဏ်က တရုတ်ထိပ်တန်းကုမ္ပဏီများအား နီပေါလေဆိပ်စီမံကိန်း၌မပါဝင်ရန် တားမြစ်

အာရှဖွံ့ဖြိုးရေးဘဏ်က တရုတ်ထိပ်တန်းကုမ္ပဏီများအား နီပေါလေဆိပ်စီမံကိန်း၌မပါဝင်ရန် တားမြစ်

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က တရုတ်ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီကြီး ၃ခု အားနီပေါနိုင်ငံ၏ အဓိကလေဆိပ်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် ပါဝင်ခြင်းမပြုရန် တားမြစ်ထားကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

ဂုဏ်သိက္ခာဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်သည့်အတွက် အစိုးရကျောထောက်နောက်ခံပြု ကုမ္ပဏီ၃ကို မနီလာအခြေစိုက် နိုင်ငံစုံရန်ပုံငွေအေဂျင်စီ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးရုံးက အပြစ်ပေးခဲ့ကြောင်း The Kathmandu Post သတင်းတွင် ဖော်ပြထားသည်။

တားမြစ်ထားသောကုမ္ပဏီများစာရင်းတွင် CMC အင်ဂျင်နီယာကုမ္ပဏီ၊ Northwest Civil Aviation Airport Construction Group နှင့် China Harbor Engineering ကုမ္ပဏီတို့ ပါဝင်သည်။

ခတ္တမန္ဒူတွင် နီပေါရူပီး ၁၀ ဘီလီယံတန်ဖိုးရှိ Tribhuvan နိုင်ငံတကာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် လေလံစာရွက်စာတမ်းများကို ကုမ္ပဏီ ၂၄ ခုခန့်ကဝယ်ယူခဲ့သော်လည်းတရုတ်ကုမ္ပဏီ ၄ခုသာ လျှောက်ခဲ့ကြောင်း သတင်း၌ဖော်ပြထားသည်။

အဆိုပါကုမ္ပဏီ၄ခုအနက်၂ခုမှာ ADB မှအမည်ပျက်စာရင်းသွင်းထားသော ကုမ္ပဏီများဖြစ်ပြီး နီပေါမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ ထိပ်တန်းအရာရှိတစ်ဦးပြောကြားချက်ကို ကိုးကား၍ The Kathmandu Post က ဖော်ပြခဲ့သည်။

ဒဏ်ခတ်အရေးယူမှုများသည်ကုမ္ပဏီများ လက်ရှိဆောင်ရွက်နေသည့် စီမံကိန်းများကို သက်ရောက်မှုရှိမည်မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

“ဒဏ်ခတ်အရေးယူမှုစာရင်းမှာ ထည့်သွင်းထားတဲ့ သူတို့ရဲ့ဥပဒေချိုးဖောက်မှုနှင့်အပြုအမူတွေအကြောင်းကို ADB ကနီပေါရဲ့ ပြည်သူ့ဝယ်ယူရေးဆိုင်ရာစောင့်ကြည့်ရေးရုံးကို အကြောင်းကြားလိုက်ရင် နီပေါအနေနဲ့သူတို့ကို နာမည်ပျက်စာရင်းသွင်းဖို့ လွယ်ကူပါလိမ့်မယ်။ စီမံကိန်းထဲကဂုဏ်သိက္ခာဆိုင်ရာစည်းမျဉ်းများတွေဟာတစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့စည်းမျဉ်းတွေပါ” ဟုနီပေါအစိုးရဆိုင်ရာဝယ်ယူရေး ကျွမ်းကျင်သူတစ်ဦးကခတ္တမန္ဒူပို့စ်သို့ ပြောသည်။

လက်ရှိတွင် တစ်ခုတည်းသော နိုင်ငံတကာလေဆိပ်အဖြစ် လုပ်ဆောင်နေသည့် ခတ္တမန္ဒူလေဆိပ်ကို နီပေါနိုင်ငံမှ အဆင့်မြှင့်တင်ရန် စီစဉ်နေစဉ်တွင်ယခုကိစ္စ ပေါ်ထွက်လာခြင်းဖြစ်သည်။လူသွားလူလာအများဆုံးအချိန်များတွင်လူများပြည့်ကျပ်ခြင်းနှင့် ဝန်ဆောင်မှုညံ့ဖျင်းခြင်းတို့ကို တွေ့ရှိရကြောင်းThe Kathmandu Post ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required