မြင်းခြံတွင် ယာဉ်ထိန်းရဲ ၁ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး ဒေသခံ ၃ ဦးအားဖမ်းဆီး

မြင်းခြံတွင် ယာဉ်ထိန်းရဲ ၁ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး ဒေသခံ ၃ ဦးအားဖမ်းဆီး
ဓာတ်ပုံ- CJ( ဇွန်လ ၁၈ ရက်ကသေဆုံးခဲ့သည့် ယာဉ်ထိန်းရဲ)

ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ဇွန်လ ၁၈ရက်က ယာဉ်ထိန်းရဲ တစ်ဦး သေဆုံးမှုနှင့်ဆက်စပ်၍ ဒေသခံ သုံး ဦးအား စစ်ကောင်စီတပ်မှဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှသိရသည်။ 

ယာဉ်ထိန်းရဲ သေနတ်ဖြင့် ပစ်ခတ်ခံရ၍‌ သေဆုံးပြီးမကြာခင်မှာ ၎င်း၏ဇနီးဖြစ်သူမှတိုင်ကြားသဖြင့် သားမိသားဖ သုံးယောက်လုံးကို  အဆိုပါနေ့မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

 "ယာဉ်ထိန်းရဲသေပြီးမကြာသေးဘူး သူနဲ့အရင်ရက်ကရန်ဖြစ်ဖူးတဲ့ မိသားစု၀င် ၃ ဦးရှိတယ်။ အမျိူးသားနဲ့သားအမိနှစ်ယောက်ပါ။ အဲ့ဒီတော့သူတို့ကို သံသယဖြစ်ပြီး ရဲမိန်းမကလှမ်းတိုင်လို့ ဖမ်းသွားတယ်"ဟု၎င်းကပြောသည်။ 

ထို့အပြင် အဆိုပါယာဉ်ထိန်းရဲ အသတ်ခံရသည့်ကိစ္စနှင့်ဆက်စပ်၍ မြင်းခြံမြို့က အိမ်အချို့ကို စစ်ကောင်စီမှ ဝင်ရောက်စစ်ဆေးမှုများရှိခဲ့ကြောင်းသိရသည်။

ဇွန်လ ၁၈ရက် နေ့လည် ၁၂နာရီ ဝန်းကျင်က ဗိုလ်ချုပ်လမ်းလို့ခေါ်တဲ့ မြင်းခြံ-မိတ္ထီလာလမ်းမကြီးပေါ် အမှတ် ၁၉ စွန်းလွန်းရပ်ကွက် ရွှေရည်ဟိန်း ချည်ထိုင်ဆိုင်အနီးမှာ ဆိုင်ကယ်မောင်းနေရင်း သေနတ်နဲ့ ပစ်ခံခဲ့ရတာဖြစ်ပါတယ်။

မြင်းခြံမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရမှုတွေ ဖြစ်ပေါ်နေပြီး ဒေသခံ ပြည်သူတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးနှိပ်စက် သက်ဖြတ်တာတွေ ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly