ပြည်သူကို ဖိနှိပ်ငွေညှစ်နေသည့်ယာဉ်ထိန်းရဲများအား တိုက်ခိုက်ခဲ့ကြောင်း STA အဖွဲ့ ထုတ်ပြန်

By ဂန္ဒမာ (မဇ္ဈိမ)
29 March 2023
ပြည်သူကို ဖိနှိပ်ငွေညှစ်နေသည့်ယာဉ်ထိန်းရဲများအား တိုက်ခိုက်ခဲ့ကြောင်း STA အဖွဲ့ ထုတ်ပြန်

ရန်ကုန်မြို့တွင် ပြည်သူများကိုဖိနှိပ်ကာ နည်းမျိုးစုံဖြင့်ငွေတောင်းခံနေသည့် ယာဉ်ထိန်းရဲများ အား မတ်လ ၂၈ ရက်နေ့က မြို့နယ်နှစ်ခုတွင် ပစ်မှတ်ထားတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း Special Task Agency Of Burma (STA) အဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းထောင့်ရှိ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ တပ်ကြပ်ကြီးတင်မင်း၊ တပ်ကြပ်ကြီးအောင်ကိုကိုထွန်း၊ ဒုရဲတပ်ကြပ်စုစန္ဒီစိုးတို့ အထိုင်ချငွေရှာ သည့်နေရာကို တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

ထို့အတူ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ အုတ်ကျင်းကားမှတ်တိုင်နားရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ တည်ရှိရာ နေရာတို့အား ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

တိုက်ခိုက်မှုကြောင့် တာမွေပစ်မှတ်မှ ဒုရဲတပ်ကြပ်စုစန္ဒီစိုး အပြင်းအထန်ထိခိုက်ခဲ့ကြောင်း သတင်းရင်း မြစ်များထံမှအတည်ပြုနိုင်ခဲ့ပြီး လှိုင်ဖြစ်စဉ်တွင် အထိအခိုက်မရှိကြောင်း STA အဖွဲ့တာဝန်ခံက ပြော သည်။

“ဖြစ်စဉ်နှစ်ခုလုံးရဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုကာလမှာ ပြည်သူလူထုအနေနဲ့ စီးပွားရေးကျပ်တည်းမှု တွေနဲ့ ရင်ဆိုင်နေရတဲ့ကြားထဲမှာ စစ်ကောင်စီအလိုကျ ပြည်သူကိုဖိနှိပ်ပြီး နည်းမျိုးစုံနဲ့ ငွေတောင်းငွေ ညှစ်နေတဲ့ ယာဉ်ထိန်းရဲတွေရဲ့ လုပ်ရပ်ကို သတိပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာပါ” ဟု STA အဖွဲ့ တာဝန်ခံက မဇ္ဈိမကို ဖြေကြားသည်။ 

Special Task Agency Of Burma (STA) အနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို အမြဲသုံးသပ်နေပြီး စစ်ရေး ပစ်မှတ်များကို သတိကြီးစွာထားကာလုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly