လူ ၄၀ ခန့် သေဆုံးတဲ့ အိန္ဒိယက သုံးထပ်တိုက် ပြိုကျမှုမှာ ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်

By AFP
24 September 2020
လူ ၄၀ ခန့် သေဆုံးတဲ့ အိန္ဒိယက သုံးထပ်တိုက် ပြိုကျမှုမှာ ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်
Photo - AFP

စက်တင်ဘာ ၂၄

မွမ်ဘိုင်းမြို့အနီး ဘီဝန်ဒီအရပ်က သုံးထပ်တိုက်တစ်လုံး ပြိုကျမှုဖြစ်ခဲ့ရာမှာ နှစ်နှစ်ခွဲအရွယ် ယောက်ကျားလေးငယ်တစ်ဦး အပါအဝင် နောက်ဆုံး အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေတွေ့ရှိရေးအတွက် ကယ်ဆယ်ရေးသမားတွေဟာ ဆက်လက်ကြိုးပမ်းရှာဖွေနေပါတယ်။ 

ပြီးခဲ့တဲ့ တနင်္လာနေ့ အရုဏ်မတက်ခင်က အဲဒီ သုံးထပ်တိုက် ပြိုကျမှုမှာ သေဆုံးသူဦးရေဟာ လက်ရှိဆိုရင် ၃၉ ဦးအထိ မြင့်တက်ရောက်ရှိလာကြောင်း တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပြီး အသက်ရှင်လျက် ရှိသေးသူတွေကို ရှာဖွေတွေ့ရှိမလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း မှေးမှိန်လို့ လာပါတယ်။ 

အပျက်အစီးပုံတွေကြားကနေ အခုထိ အသက်ရှင်လျက် လူ ၂၀ ကို ကယ်ထုတ်ထားနိုင်ခဲ့တယ်လို့ အမျိုးသားသဘာဝဘေး တုံ့ပြန်မှုအဖွဲ့ NDRF မှ အရေးပေါ်ဝန်ထမ်းတွေက ပြောပါတယ်။ 

ကွန်ဂရက်တိုင်တွေကြား အုတ်ကျိုးပုံတွေအောက်ကနေ အနံခံခွေးတွေ အကူအညီနဲ့ ကယ်ဆယ်ရေးသမားတွေဟာ ရုပ်အလောင်းပေါင်း ၃၉ လောင်းကို ရှာဖွေထုတ်ယူခဲ့ရတယ်လို့ NDRF အကြီးတန်း တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။ 

“ခုထိ ပျောက်ဆုံး လူငါးဦးကို ရှာမတွေ့သေးဘူး။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ဆက်လက်ဆောင်ရွက်နေဆဲပဲ ဖြစ်တယ်။”ဟု NDRF ကွပ်ကဲရေးမှူး သီရိဝတ်တာဝါက ပြောပါတယ်။ 

သေဆုံးသူတွေမှာ အနည်းဆုံး ကလေးရှစ်ဦး ပါဝင်တယ်လို့ မြို့အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ 

အခု သုံးထပ်တိုက် ပြိုကျရတဲ့ အကြောင်းရင်းကို လတ်တလော မသိရသေးပေမယ့် အိန္ဒိယနိုင်ငံမှာ ဇွန်လကနေ စက်တင်ဘာလ မုတ်သုံရာသီအတွင်း မိုးရက်ဆက် အဆက်မပြတ်ရွာသွန်းတဲ့အောက်မှာ အိုမင်းဟောင်းနွမ်းနေတဲ့ အဆောက်အအုံတွေ ပြိုကျမှု ဖြစ်ပွားလေ့ ရှိပါတယ်။ 

မွမ်ဘိုင်းဝန်းကျင်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရထားလမ်းတွေ ရေကြီးရေလျှံတာကြောင့် ရထားခရီးစဉ်တွေကို အချိန်ရွှေ့ဆိုင်းတာနဲ့ ပယ်ဖျက်တာတွေကို အာဏာပိုင်တွေဟာ ဗုဒ္ဓဟူးနေ့မှာ အမိန့်ထုတ်ခဲ့ရပါတယ်။ 

စီးပွားရေးမြို့တော် မွမ်ဘိုင်းမှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေကြားမှာ သွားရေးလာရေးတွေ ပြတ်တောက်နေတာကြောင့် မြို့တာဝန်ရှိသူတွေဟာ ဗုဒ္ဓဟူးနေ့ကို ရုံးပိတ်ရက် အားလပ်ရက်အဖြစ် သတ်မှတ်ပြီး မြို့ခံတွေကို အိမ်မှာပဲ နေကြဖို့ ညွှန်ကြားချက်လည်း ထုတ်ပြန်ထားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required