ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံး ဘောလုံးပွဲကို ဝူဟန်အသင်း ပရိသတ်တွေ တစ်ခဲနက် အားပေး

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံး ဘောလုံးပွဲကို ဝူဟန်အသင်း ပရိသတ်တွေ တစ်ခဲနက် အားပေး
Photo - AFP

 စက်တင်ဘာ ၇

ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက် ဝူဟန်မြို့မှ တရုတ်စူပါလိဂ်ကလပ်အသင်း Wuhan Zall ဘောလုံးအသင်းရဲ့ ပရိသတ်တွေဟာ ကပ်ဘေးစတင်ချိန်ကစလို့ ပထမဆုံး ဘောလုံးပွဲကို တနင်္ဂနွေက တစ်ခဲနက် လာရောက်အားပေးကြပါတယ်။ 

အသင်းက ပြိုင်ဖက်အသင်းကို နှစ်ဂိုး၊ နှစ်ဂိုးနဲ့ သရေရအောင် ကစားနိုင်လိုက်တဲ့နောက်မှာတော့ သောင်းသောင်းဖြဖြ အားပေးလို့ မဆုံး ရှိနေတော့ပါတယ်။ 

ဝူဟန်အသင်း အားပေးသူ ၃၀၀ နီးပါးဟာ ပြိုင်ပွဲကျင်းပရာ စူကျို့မြို့ဆီ မိုင် ၄၅၀ ခရီးနှင်ရောက်ရှိလာတာ ဖြစ်ပြီး ဘောလုံးပွဲကို လာရောက်အားပေးကြတာပါ။ 

ဝူဟန်အသင်းဟာ ပြိုင်ဖက် Beijing Guoan အသင်းကို ဒုတိယပိုင်းရဲ့ သုံးမိနစ်အတွင်းမှာပဲ နှစ်ဂိုးသွင်းလိုက်နိုင်ပြီး သရေရအောင် ကစားလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ 

တရုတ်စူပါလိဂ် ပွဲစဉ်တွေကို ဇူလိုင်လက ပိတ်ထားခဲ့ရာက ပွဲကြည့်သူတွေကို အတော်လေး အကန့်အသတ်ထားပြီး ကျင်းပလာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘောပွဲကြည့်သူတွေအနေနဲ့ ခုနစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်ခံပြီးမှ ပွဲကြည့်ခွင့် ပေးတာ ဖြစ်ပါတယ်။ 

ဘောလုံးပွဲ မစခင်မှာ ဝူဟန်အသင်း ပရိသတ်တွေဟာ ဘောလုံးကွင်းအပြင်မှာ စုရပ်ကြပြီး ကိုရိုနာဗိုင်းရပ်စ်ကို ဝူဟန်မြို့က ရင်ဆိုင်တွန်းလှန်ရာမှာ အားပေးကူညီတာအတွက် တစ်နိုင်ငံလုံးကို ကျေးဇူးတင်ကြောင်း ရေးသားထားတဲ့ စာတမ်းကို ကိုင်စွဲခဲ့ကြပါတယ်။ 

ဘောလုံးကွင်းထဲမှာလည်း မတ်တပ်ရပ် အားပေးရင်း ပထမပိုင်းမှာ နှစ်ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနေတဲ့ကြားတောင် သီချင်းတွေကို မရပ်မနား သီဆိုအားပေးကြတာ ဖြစ်ပါတယ်။ 

ဒုတိယပိုင်းမှာတော့ ဘရာဇီးက ကစားသမားနဲ့ အိုင်ဗရီကို့စ်က ကစားသမားတို့ သွင်းဂိုးတွေနဲ့ သရေဖြစ်သွားချိန်မှာတော့ ပျော်မဆုံးအောင် အားပေးကြပါတော့တယ်။ 

“ငါတို့ဟာ လေနဲ့ လှိုင်းတွေနဲ့အတူ လုံးဝ နှလုံးသားဖြူစင်ပြီး စည်းလုံးညီညွတ်ကြတယ်။”ဆိုတဲ့ သီချင်းကို ဝူဟန်အသင်း ပရိသတ်တွေက ပြိုင်တူ သီဆိုကြပါတယ်။ စူကျို့အားကစားကွင်းမှာ ခုံအလွတ်တွေ အများကြီး ရှိနေပေမယ့် လူခွာနေရမယ်ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ် စည်းကမ်းကို မေ့လျော့ပြီး စုရုံးအားပေးကြပါတော့တယ်။ 

“ဝူဟန်၊ ဝူဟန်”ဆိုတဲ့ အားပေးသံတွေဟာ ဘောလုံးတစ်ကွင်းလုံး ညံထွက်နေပါတော့တယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required