ပါကစ္စတန်က လေပိုင်နက်ကို ပိတ်လိုက်တာကြောင့် ထိုင်းက ဥရောပခရီးစဉ်တွေကို တရုတ်နဲ့ ရုရှပေါ်ကနေ လမ်းကြောင်းပြောင်း ပျံသန်း

ပါကစ္စတန်က လေပိုင်နက်ကို ပိတ်လိုက်တာကြောင့် ထိုင်းက ဥရောပခရီးစဉ်တွေကို တရုတ်နဲ့ ရုရှပေါ်ကနေ လမ်းကြောင်းပြောင်း ပျံသန်း

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈ ။           ။ ဥရောပဆီ လေယာဉ်ပျံသန်းဖို့ တရုတ်နဲ့ ရုရှနိုင်ငံတို့ဟာ ၎င်းတို့ရဲ့ လေပိုင်နက်ကို ခွင့်ပြုပေးတာကြောင့် လမ်းကြောင်းသစ်ကနေပြီး ဥရောပခရီးစဉ်တွေကို ပျံသန်းမှာ ဖြစ်ကြောင်း Thai Airways က ပြောပါတယ်။

အိန္ဒိယနဲ့ တင်းမာမှု မြင့်တက်နေတာကို တုံ့ပြန်ပြီး ပါကစ္စတန်ဟာ ၎င်းရဲ့ လေပိုင်နက်ကို ပိတ်ပစ်လိုက်တာကြောင့် Thai Airways လေကြောင်းလိုင်းဟာ ပါကစ္စတန်ပေါ်ကနေ ပျံသန်းမယ့် လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့ရတာပါ။

ဒီအတွက် ဘန်ကောက်မှာ ခရီးသည်ထောင်ပေါင်းများစွာ ကြာသပတေးနေ့မှာ သောင်တင်နေလျက်ရှိတာဖြစ်ပေမယ့် ခုအခါမှာတော့ ဥရောပခရီးစဉ်တွေကို တရုတ်နဲ့ ရုရှတို့ရဲ့ လေပိုင်နက်ခွင့်ပြုပေးတာကြောင့် လမ်းကြောင်းသစ်က ပျံသန်းမှာဖြစ်တယ်လို့ လေကြောင်းလိုင်းက ကြေညာလာတာပါ။

ပါကစ္စတန်က လေပိုင်နက် ပိတ်ထားတဲ့အတွက် လေယာဉ်ပေါင်း သုံးဆယ်နီးပါး  ခရီးစဉ် မပျံသန်းနိုင် ဖြစ်နေခဲ့ပြီး အများစုက ဥရောပ အဝင်အထွက် လေကြောင်းခရီးစဉ်တွေပဲ ဖြစ်တယ်လို့ လေကြောင်းလိုင်းဟာ အစောပိုင်းမှာ ထုတ်ပြန်ထားခဲ့ပါတယ်။

လေယာဉ်သုံးစင်းဟာဆိုရင် ပျံသန်းသွားပြီးခဲ့မှ ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်ဆီ ပြန်လည်ဆင်းသက်ခဲ့ရတာလည်း ကြုံခဲ့ရပါတယ်။ အခြားလေယာဉ်တွေကိုလည်း ခရီးစဉ် ပယ်ဖျက်တာ၊ လမ်းကြောင်းပြောင်းရတာတွေ လုပ်ဆောင်ခဲ့ရပါတယ်။

ဒေသတွင်းမှာ ခရီးသွားလာမှုတွေ ကမောက်ကမ ဖြစ်နေပြီး စင်ကာပူလေကြောင်းလိုင်းက ဥရောပဆီ ပုံမှန်သွားလာနေကြ တိုက်ရိုက်ခရီးစဉ်တွေလည်း ဗုဒ္ဓဟူးနေ့မှာ ဆီဖြည့်တင်းရင်း သောင်တင်နေခဲ့သလို ဖရန့်ဖက်ဆီ ပျံသန်းတဲ့ ခရီးစဉ်တစ်ခုကိုလည်း ပယ်ဖျက်လိုက်ရပါတယ်။

ဒေသတွင်းမှာ နျူကလီးယားပိုင်တဲ့ အိမ်နီးချင်းနှစ်နိုင်ငံ ဖြစ်တဲ့ ပါကစ္စတန်နဲ့ အိန္ဒိယတို့ကြား တင်းမာမှုတွေ တစ်ရှိန်ရှိန်နဲ့ မြင့်တက်လာနေတာကြောင့် ခုလို ခရီးစဉ်အမျှင်ပြတ်မှုတွေ ဖြစ်ပေါ်နေတာပါပဲ။
အိန္ဒိယနဲ့ ပါကစ္စတန်ရဲ့ တင်းမာမှုက စစ်ပွဲအထိ ဖြစ်ပွားလာမှာကိုလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required