အာရှ ယူ-၁၉ ခြေစစ်ပွဲအောင်ရန် ဗီယက်နမ်နှင့်ပွဲမတိုင်မီ ကိုးမှတ်ရရန် လိုအပ် ဟု ဂတ်ဇီဆီ သုံးသပ်

အာရှ ယူ-၁၉ ခြေစစ်ပွဲအောင်ရန် ဗီယက်နမ်နှင့်ပွဲမတိုင်မီ ကိုးမှတ်ရရန် လိုအပ် ဟု ဂတ်ဇီဆီ သုံးသပ်
အာရှ ယူ-၁၉ ခြေစစ်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာ နည်းပြ ဂတ်ဇီဆီအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

 စက်တင်ဘာ ၃၀၊ ရန်ကုန်။       ။ ၂၀၁၆ အာရှ ယူ-၁၉ချန်ပီယံရှစ် ခြေစစ်ပွဲကစားမည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲဖြစ်သည့် ဗီယက်နမ် ယူ-၁၉ အသင်းနှင့် ပွဲမတိုင်မီ ကိုးမှတ်ရရန် လိုအပ်သည် ဟု နည်းပြ ဂတ်ဇီဆီ ဖရိုင်းဒရစ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် သုံးသပ်ခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (ဆ) တွင် တီမော၊ ဘရူနိုင်း၊ ဟောင်ကောင်၊ ဗီယက်နမ် စသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

အာရှ ယူ-၁၉ ခြေစစ်ပွဲနှင့် ပတ်သက်၍ “ ဗီယက်နမ်နဲ့ နောက်ဆုံးပွဲ မတိုင်မီ ကိုးမှတ် ယူထားနိုင်ရင် သေချာပေါက် နောက်တစ်ဆင့် တက်ပါပြီ။ အဲဒီပွဲ မတိုင်မီ ကိုးမှတ်သာ ရခဲ့ရင် ဗီယက်နမ်နဲ့ ပွဲကို စိတ်အေးလက်အေး ကစားနိုင်ပါလိမ့်မယ်။ ဒီလိုဖြစ်နိုင်ဖို့ အတွက်လည်း ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွား မှာပါ။ ဗီယက်နမ်ကတော့ အာဆီယံ ပွဲတုန်းကနဲ့ မတူပဲ တိုးတက်လာနိုင်ခြေ ရှိတာကြောင့် ရှေ့ပွဲတွေမှာ သူတို့ရဲ့ ခြေစွမ်းကို လေ့လာပြီး ဘယ်လို ရင်ဆိုင်မယ် ဆိုတာကို ဆုံးဖြတ်ချက် ချသွားမှာပါ ” မြန်မာ ယူ-၁၉ နည်းပြချုပ် ဂတ်ဇီဆီ ဖရိုင်းဒရစ်က ဆိုသည်။

မြန်မာ ယူ-၁၉ အသင်းသည် ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲစဉ်များအဖြစ် စက်တင်ဘာ ၃၀ ရက်တွင် ဘရူနိုင်း၊ အောက်တိုဘာ ၂ ရက်တွင် တီမော၊ အောက်တိုဘာ ၄ ရက်တွင် ဟောင်ကောင်၊ အောက်တိုဘာ ၆ ရက်တွင် ဗီယက်နမ် အသင်းတို့နှင့် မြန်မာစံတော်ချိန် ည ၆း၃၀ ၌ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required