ပြည်နယ်နှင့်တိုင်း ပြန်ကြားရေးအဖွဲ့များ ဖွဲ့ရန် NLD ညွွှန်ကြား

ပြည်နယ်နှင့်တိုင်း ပြန်ကြားရေးအဖွဲ့များ ဖွဲ့ရန် NLD ညွွှန်ကြား
Photo - The Telegraph

 

ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။          ။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့တွင် ပြန်ကြားရေးကော်မတီအဖွဲ့များ ဖွဲ့စည်းရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ  ညွှန်ကြားစာ ထုတ်ပြန်လိုက်သည်။

အဆိုပါ ဖွဲ့စည်းမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး၏ ပြန်ကြားရေးကော်မတီ အဖွဲ့တွင် အဖွဲ့ဝင် သုံးဦးဖြစ်စေ ငါးဦးဖြစ်စေ ပါ၀င်ဖွဲ့စည်းသွားရမည် ဖြစ်ပြီး လက်ရှိ  ပြည်နယ်နှင့်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့တွင် ပြန်ကြားရေး တာဝန်ခံများအဖြစ် တာဝန်ထမ်းဆောင်နေသူများက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူရမည်ဖြစ်သည်။

"ပြည်နယ်နဲ့ တိုင်းဒေသကြီး ပြန်ကြားရေးအဖွဲ့တွေက ဗဟိုပြန်ကြားရေးကော်မတီ နဲ့ ချိတ်ပြီး သတင်းပြန်ကြားရေးကို ဆောင်ရွက်သွားရမှာပါ" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဆိုသည်။

ဖွဲ့စည်းသွားမည့် ပြန်ကြားရေးကော်မတီအဖွဲ့ဝင်များ စာရင်းကို ဗဟိုပြန်ကြားရေးကော်မတီထံ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရန်လည်း ညွှန်ကြားထားသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ပြန်ကြားရေးကော်မတီအဖွဲ့ဝင်များအနေဖြင့် ပြန်ကြားရေးလုပ်ငန်းများကို အချိန်ပေးပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူ ၊ သတင်းရယူစုဆောင်းခြင်း ၊ ထိန်းသိမ်းခြင်း၊ ပေးပို့ဖြန့်ချိခြင်းလုပ်ငန်းများကို နားလည်သူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်သူ ၊ အဖွဲ့ချုပ်၏ မူဝါဒများ ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုမှုနေထိုင်သူ စသည့် အချက်များဖြင့် ကိုက်ညီရမည်ဟု ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required