Billboard ၏ အကောင်းဆုံးသီချင်းခွေ ၂၀၀ ဇယား၌ ဒရိတ်ခ်၏ More Life က ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်

Billboard ၏ အကောင်းဆုံးသီချင်းခွေ ၂၀၀ ဇယား၌ ဒရိတ်ခ်၏ More Life က ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်

ပြီးခဲ့သော တနင်္လာနေ့က ထွက်ရှိခဲ့သော Billboard ၏ အကောင်းဆုံးသီချင်းခွေ ၂၀၀ ဇယားတွင် နာမည်ကျော် အဆိုတော်ဒရိတ်ခ်၏ More Life အယ်လ်ဘမ်က နှစ်ပတ်ခန့်ကြာမြင့်စွာ ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိနေပြီး အက်ဒ်ရှီရန်း၏ အယ်လ်ဘမ်က ဒုတိယနေရာ၌ ရပ်တည်နေကာ အဆိုတော် ထရေးဆောင်းဇ်၏ ပွဲဦးထွက် သီချင်းအယ်လ်ဘမ်က တတိယနေရာ၌ ရှိနေကြောင်း Nielsen SoundScan မှ ဖော်ပြခဲ့သည်။

ကနေဒါအဆိုတော်ဒရိတ်ခ်သည် ဒုတိယအပတ်တွင်လည်း အယ်လ်ဘမ်အချပ်ရေ ၂၂၅,၀၀၀ ခန့် ဆက်လက် ရောင်းချခဲ့ရပြီး စံချိန်သစ်တင်နိုင်ခဲ့သည်။ အဆိုပါအယ်လ်ဘမ်သည် အမေရိကန်၌ လွန်ခဲ့သော ၂၀၁၆ ခုနှစ်က ဒရိတ်ခ်၏ Views အယ်လ်ဘမ်ထွက်ရှိပြီးနောက်ပိုင်းတွင် ရောင်းအားအကောင်းဆုံး သီချင်းအယ်လ်ဘမ်တစ်ခု ဖြစ်လာခဲ့သည်။

ဗြိတိန်မှ နာမည်ကျော် သီချင်းရေးဆရာနှင့် အဆိုတော်ဖြစ်သူ အက်ဒ်ရှီရန်း၏ Divide အယ်လ်ဘမ်ကလည်း ၉၈၀၀၀ ခန့် ရောင်းထွက်ခဲ့ပြီး ထွက်ရှိချိန်မှာ လေးပတ်ခန့်ရှိနေသည့် တိုင်အောင် ရောင်းအားကောင်းနေဆဲ ဖြစ်သည်။ ဒါ့အပြင် ဒီဂျစ်ဒယ်သီချင်းဇယား၌လည်း သူ၏ Shape Of You သီချင်းက ထိပ်ဆုံးနေရာမှ ရပ်တည် လျက်ရှိနေသည်။

တတိယနေရာမှ အဆိုတော် ထရေးဆောင်းဇ်၏ ပွဲဦးထွက် သီချင်းအယ်လ်ဘမ် Tremaine သည် အချပ်ရေ ၆၇၀၀၀ ခန့် ရောင်းချခဲ့ရကာ ထိပ်ဆုံးဆယ်နေရာအတွင်းသို့ ယခုအပတ်အတွင်း ပွဲဦးထွက်ရောက်ရှိလာခဲ့သော အယ်လ်ဘမ်အသစ် တစ်ချပ်ဖြစ်သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required