ကင်မ်ဂျံုနမ်အား လုပ်ကြံမှုဖြင့် ဖမ်းဆီးထားသော အမျိုးသမီးနှစ်ဦးကို တရားစွဲဆိုသွားတော့မည်ဖြစ်ကြောင်း မလေးရှား ပြော

ကင်မ်ဂျံုနမ်အား လုပ်ကြံမှုဖြင့် ဖမ်းဆီးထားသော အမျိုးသမီးနှစ်ဦးကို တရားစွဲဆိုသွားတော့မည်ဖြစ်ကြောင်း မလေးရှား ပြော

ဖေဖော်ဝါရီ ၂၈ ။          ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ဖအေတူ မအေကွဲအကို ကင်မ်ဂျုံနမ်အား ကွာလာလမ်ပူ လေဆိပ်တွင် သေစေနိုင်သည့် ဓာတုအဆိပ်ဖြင့် လုပ်ကြံခဲ့မှုနှင့်စပ်လျင်း၍ ဖမ်းဆီးထိန်းသိမ်းထားသော အမျိုးသမီးနှစ်ဦးအား ဥပဒေကြောင်းအရ တရားစွဲဆိုသွားတော့မည်ဖြစ်ကြောင်း မလေးရှား ရှေ့နေချုပ်က ပြောသည်။

" သူတို့နှစ်ယောက်ကို ဥပဒေ ပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ တရားစွဲသွားမှာဖြစ်ပါတယ်" ဟု ရှေ့နေချုပ် မိုဟာမက် အပန်ဒီအလီက ပြောသည်။

ကင်မ်ဂျုံနမ်အား လုပ်ကြံမှုသံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော အင်ဒိုနီးရှားနှင့် ဗီယက်နမ်သူ အမျိုးသမီး နှစ်ဦးကို လာမည့် မတ်လ ၁ ရက်တွင် ရုံးထုတ်စစ်ဆေးတော့မည်ဖြစ်သည်။ အကယ်၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ကြိုးပေးအသတ်ခံရမည် ဖြစ်ကြောင်းလည်း သိရသည်။

စီစီတီဗီ မှတ်တမ်းများအရ အမျိုးသမီး နှစ်ဦးမှာ ကင်မ်၏ မျက်နှာကို အရာဝတ္ထုတစ်ခုဖြင့် သုတ်လိုက်သည်ကို တွေ့မြင်ထားရသည်။ အသက် ၄၅ နှစ်ရှိ ကင်မ်မှာ နေရာတွင် လဲကျသွားခဲ့ပြီးနောက်   ဆေးရုံသို့ ပို့ဆောင်ရာ လမ်းတွင် သေဆုံးသွားခဲ့ခြင်းလည်း ဖြစ်သည်။

ယခု အမျိုးသမီး နှစ်ဦးစလုံးက ၎င်းတို့မှာ ဟာသရုပ်ပြောင်အစီအစဉ်တစ်ခုတွင် ပါဝင်ခဲ့ရသည်ဟုပင် ထင်ခဲ့မိကြောင်း ဖြေဆိုထားကြသည်။

အသက် ၂၅ နှစ်ရှိ အင်ဒိုသူ ဆစ်တီ အစ်ယာ နှင့် ဗီယက်နမ်သူ အသက် ၂၈ နှစ်အရွယ် ဒေါင်သီဟွန်းတို့ကို ကင်မ်ဂျုံနမ်အားလုပ်ကြံမှု သံသယဖြင့် မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခြင်း   ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required