ပစိဖိတ်ဒေသတွင်း မိတ်ဖက်အဖွဲ့ သဘောတူစာချုပ်အား လာမည့်နှစ်တွင် အကောင်အထည်ဖော်နိုင်ရန် စင်ကာပူကြိုးပမ်းမည်

ပစိဖိတ်ဒေသတွင်း မိတ်ဖက်အဖွဲ့ သဘောတူစာချုပ်အား လာမည့်နှစ်တွင် အကောင်အထည်ဖော်နိုင်ရန် စင်ကာပူကြိုးပမ်းမည်

လီမာ (ပီရူး)၊ နိုဝင်ဘာ ၂၀ ။              ။ အခက်အခဲအချို့ရှိနေသော်လည်း ပစိဖိတ်ဒေသတွင်း မိတ်ဖက်အဖွဲ့ သဘောတူစာချုပ် (TPP) အား လာမည့်နှစ်တွင် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း   နိုဝင်ဘာ ၁၉ ရက်က အဖွဲ့ဝင်အဖြစ် ပါ၀င်မည့် ၁၁ နိုင်ငံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားသည်။

မိတ်ဖက်နိုင်ငံများအနေဖြင့် ယင်းသဘောတူစာချုပ် အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်ကြရန်နှင့် စင်ကာပူအနေဖြင့်လည်း ဥပဒေပြင်ဆင်မှုများကို လုပ်ဆောင်သွားမည်ဟု လီက ပြောကြားသည်။

"ကျွန်တော်တို့ ဘယ်လို့ တုန့်ပြန်ဆောင်ရွက်မယ်ဆိုတာ အခြားနိုင်ငံတွေက စောင့်ကြည့်နေပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က စပြီး ကြိုးပမ်းခဲ့တဲ့ အစီအစဉ်ကို ဖြစ်မြောက်အောင် ဆက်လုပ်စေချင်ပါတယ်" ဟု လီက မိတ်ဖက်နိုင်ငံခေါင်းဆောင်များကို ပြောကြားသည်။

အမေရိကန်နိုင်ငံမှ အစိုးရအပြောင်းအလဲကြောင့် မိမိတို့ အစီအစဉ်ကို ပြောင်းလဲစေမည် မဟုတ်ဟု လီက ပြောသည်။

"စီးပွားရေးအရရော မဟာဗျူဟာပိုင်းအရပါ အရေးကြီးနေဆဲပါ။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကြောင့် TPP ဟာ အာရှနဲ့ ပစိဖိတ်ဒေသတွင်းမှာ ကြွယ်ဝမှု၊ တည်ငြိမ်မှုတို့ကို ဖြစ်စေနိုင်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ယင်းသဘောစာချုပ်တွင် အမေရိကန်နိုင်ငံ ပါ၀င်သည်ဖြစ်စေ၊ မပါ၀င်သည်ဖြစ်စေ အခြားနိုင်ငံများက အကောင်အထည်ဖော်ရန် ဆက်လက် လုပ်ဆောင်လျက်ရှိ သည်။ မက္ကဆီကို စီးပွားရေးဝန်ကြီး အီဒယ်ဖွန်ဆိုဂါဂျာဒို၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာန၏ ဖော်ပြချက်တွင် ၎င်းတို့အနေဖြင့် အမေရိကန်အစိုးရ မည်ကဲ့သို့ ဆုံးဖြတ်သည်ဖြစ်စေ ဂျပန်၊ သြစတြေးလျ၊ မလေးရှား၊ နယူးဇီလန်၊ စင်ကာပူတို့နှင့် သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required