မန္တလေးတွင် လုယက်မှုများ နေ့စဉ် ဖြစ်ပွားနေခြင်းကြောင့် လုံခြံုရေး တင်းကျပ်

မန္တလေးတွင် လုယက်မှုများ နေ့စဉ် ဖြစ်ပွားနေခြင်းကြောင့် လုံခြံုရေး တင်းကျပ်
ယာဉ်မတော်တဆမှုများ၊ယာဉ်စည်းကမ်းမဲ့မှုများနှင့်လုယက်မှုများလျှော့နည်းလာစေရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့များသည် မန္တလေးမြို့နေရာအနှံ့တွင်လှည့်လည်၍ စစ်ဆေးမှုများပြုလုပ်နေသည်ကို ဇူလိုင်လ ၁၅ ရက် ည ၁၁ နာရီ ၃၅ မိနစ်တွင်တွေ့ွှရစဉ်။ ဓါတ်ပုံ - အောင်ကိုဦး

မန္တလေး၊ ဇူလိုင် ၁၆ ။    ။ မန္တလေးမြို့တွင် နေ့စဉ်လုယက်မှုများဖြစ်ပွားလျက်ရှိပြီး ညပိုင်းတွင် ပိုမိုဖြစ်ပွားသောကြောင့် မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့က ညပိုင်းတွင် လုံခြံရေးတင်းကြပ်စွာဆောင်ရွက်လျှက်ရှိသည်ဟု မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ (ပထမတန်း)ဒုရဲမှူးကြီး မြင့်ဦး ကပြောသည်။

 ဒုရဲမှူးကြီး မြင့်ဦး က  “အခုဖြစ်နေတာက ညပိုင်းတွေပိုပြီးဖြစ်နေတယ်။ ဒါကြောင့် ညပိုင်းကို ညဦး၊ ညလယ်၊ မိုးသောက်ယံ ဆိုပြီး လုံခြုံရေးကိုလုပ်နေတယ်။ တစ်ညလုံးပေါ့။နေ့ပိုင်းကတော့ ပုံမှန် လုံခြုံရေးပါပဲ။ ညပိုင်းကတော့ မီးသတ်တို့၊ကြက်ခြေနီတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်း လုပ်နေတယ်။ အများဆုံးဖြစ်နိုင်တဲ့နေရာတွေမှာ လုံခြုံရေးယူထားတယ်။ “ဟု ပြောသည်။  

ညပိုင်းလုံခြုံရေး ယူရာတွင် ပုံစံအမျိုးမျိုးအသွင်ယူ၍ လှုပ်ရှားနေပြီး လုယက်မှုများ ကျူးလွန်သည်နှင့် အချိန်နှင့် တပြေးညီဖမ်းဆီးနိုင် ရန်အတွက်လည်း ဆောင်ရွက်ထားသည်ဟု ဆိုသည်။

 ဒုရဲမှူးကြီး မြင့်ဦး က “ ဘယ်နေရာတွေယူထားလည်းဆိုတာကိုတော့ လုံခြုံရေးအရ မပြောနိုင် ဘူး။ ပြောလိုက်ရင် ကျူးလွန်မယ့် သူက အဲဒီနေရာတွေရှောင်သွားနိုင်လို့ပါ။ မကြာခင် လုံးဝလျှော့နည်း သွား ပါ လိမ့်မယ်။ “ဟု ပြောသည်။

မန္တလေးမြို့တွင် လုယက်မှုများပပျောက်သွားရန် ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ရန်လိုအပ်ပြီး ရဲတပ်ဖွဲ့ကို ယုံကြည်မှုရှိရန် လိုသည်ဟုလည်း ၎င်းက ဆိုသည်။

 ဒုရဲမှူးကြီး မြင့်ဦး က “ ပြည်သူသတင်းပေးမှ တစ်ချို့ဟာတွေက သိရမှာပါ။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ထူးခြားဖြစ်စဉ်တွေ မြင်တွေ့လာရင် သတင်းပေးစေချင်ပါတယ်။ “ ဟု ပြောသည်။

မန္တလေးမြို့တွင် ဆိုင်ကယ်ဖြင့် လုယက်မှုများလျှော့နည်းပပျောက်ရန်အတွက် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ဇူလိုင်လ ၆ ရက်မှစတင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ် ရေးမှူးများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင ်များနှင့်ပူးပေါင်းကာ ညပိုင်းတွင် ကားနှင့်ဆိုင်ကယ်များအား ရပ်တန့်ရှာဖွေ စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ဇူလိုင်လ ၁၄ရက်အထိ ကားအစီးရေ ၅၀၀ ကျော်နှင့် ဆိုင်ကယ်စီးရေ ၃၀၀၀ ကျော်ကို မှုခင်းကြိုတင် ကာကွယ်ရေးအတွက် စစ်ဆေးမှုများပြုလုပ်ရာတွင် ထိုအထဲမှ နံပါတ်ပြား မတပ်ဆင်ထားသော ဆိုင်ကယ်အစီးပေါင်း ၉၅ စီး၊ လိုင်စင်မဲ့ဆိုင်ကယ် ရှစ် စီးတို့အား စည်ပင် အက်ဥပဒေ(၂၆) အရ အရေးယူဆောင်ရွက်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားချက် အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required