ဆီးရီးယားရှိ ယာယီဆေးရုံ လေကြောင်းထိုးစစ်အတွင်း တိုက်ခိုက်ခံရ၍ လူ ၁၅ ဦးသေဆုံး

ဆီးရီးယားရှိ ယာယီဆေးရုံ လေကြောင်းထိုးစစ်အတွင်း တိုက်ခိုက်ခံရ၍ လူ ၁၅ ဦးသေဆုံး

ဒမတ်စကပ်၊ ဇွန် ၈ ။                 ။ ဆီးရီးယားနိုင်ငံ အလီပိုမြို့ရှိ သူပုန်သိမ်းပိုက်ရာ နယ်မြေများကို လေကြောင်းထိုးစစ်ဆင်ရာတွင် ယာယီဆေးရုံတစ်ခု ပါရှိသွားပြီး လူပေါင်း ၁၅ ဦးသေဆုံးကာ ဒါဇင်ချီ ဒဏ်ရာရသည်။

အရှေ့ပိုင်း ရှားခရိုင်အတွင်းက ယာယီဆေးရုံ လေကြောင်းထိုးစစ်ဒဏ် ထိမှန်ခြင်းဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများနှင့် စောင့်ကြည့်အုပ်စုများက ပြောသည်။

ဆေးရုံတိုက်ခိုက်ခံရပြီးနောက် ရိုက်ကူးထားသည့်ဗီဒီယိုတွင် ပျက်စီးအဆောက်အအုံအတွင်းမှ လူသေအလောင်များအား ဆွဲထုတ်နေပုံကို မြင်တွေ့ရသည်။

ဆေးရုံတိုက်ခိုက်ခံရမှုအတွက် တာဝန်ခံထွက်ဆိုလာသေးခြင်းမရှိသေးသော်လည်း ယင်းနယ်မြေတွင် အစိုးရတပ်များက နယ်သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်သည်။

ဇွန် ၇ ရက်က ဆီးရီးယားသမ္မတ ဘာရှာအာဆတ် ပြောဆိုသည့် မိန့်ခွန်းတွင် ရန်သူများထံ ကျရောက်နေသည့် နိုင်ငံ၏ ပိုင်ဆိုင်မှုအဝဝကို ပြန်လည်သိမ်းယူမည်ဟု ကတိပေးပြောကြားသည်။

သူပုန်များကို အဓိကကျောထောက်နောက်ခံပြုနေသည့် တူရကီသမ္မတ အာဒိုဂန်၏ မျှော်လင့်ချက်များ၊ အိပ်မက်များကို အလီပိုမြို့ ပြန်သိမ်းရေးဖြင့် မြေမြုပ်ပစ်မည်ဖြစ်ကြောင်း အာဆတ်က ပြောသည်။

ကုလသမဂ္ဂ ကြားခံဆောင်ရွက်ပေးနေသည့် ဂျနီဗာရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဧပြီလအတွင်းက ပျက်ပြားသွားပြီးနောက်ပိုင်း သမ္မတအာဆတ်က ပထမဆုံး အထူးမိန့်ခွန်းတစ်ရပ်အဖြစ် ဆီးရီးယားရွေးကောက်ခံလွှတ်တော်သစ်သို့ ပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required