ကိုယ့်ကိုယ်ကိုယ် ခြင်္သေ့စာကျွေးကာ သတ်သေရန် ကြံစည်သူ တစ်ဦးကြောင့် ခြင်္သေ့နှစ်ကောင် သေဆုံးရ

ကိုယ့်ကိုယ်ကိုယ် ခြင်္သေ့စာကျွေးကာ သတ်သေရန် ကြံစည်သူ တစ်ဦးကြောင့် ခြင်္သေ့နှစ်ကောင် သေဆုံးရ

မေ ၂၃ ။              ။ ချီလီနိုင်ငံ ဆန်တီယာဂို မြို့ရှိ တိရိစ္ဆာန်ရုံ တစ်ရုံတွင် မေလ ၂၁ ရက်က အမျိုးသားတစ်ဦး ခြင်္သေ့ လှောင်ခြံတွင်းသို့ ဝင်ရောက်ကာ ကိုယ့်ကိုယ့်ကိုယ် သတ်သေရန် ကြံစည်ခဲ့ခြင်းကြောင့် လှောင်ခြံထဲရှိ ခြင်္သေ့နှစ်ကောင်ကို ပစ်သတ်လိုက်ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသားသည် ယင်းနေ့ နံနက်ပိုင်းက ယင်းတိရိစ္ဆာန်ရုံတွင်းရှိ ခြင်္သေ့လှောင်ခြံတွင်းသို့ ခြံစည်းရိုးပေါ်မှ ကျော်တက်ဝင်ရောက်ကာ အဝတ်အစားများ ချွတ်ပြီး ခြင်္သေ့များထံသို့ လျှောက်သွား ခဲ့သည်ဟု သိရသည်။ ယင်းအချိန်တွင် ၎င်းအမျိုးသား၏ အသက်အန္တရာယ်ကို စိုးရိမ်၍ လုံခြုံရေးများက ခြံတွင်းရှိ ခြင်္သေ့များကို ဦးစွာ ပစ်သတ်လိုက်ရသည်ဟု ဆိုသည်။

အဆိုပါ အဝတ်ဗလာ အမျိုးသား၏ အသက်ကို ကယ်တင်ရန် ယခုကဲ့သို့ ခြင်္သေ့များကို မလွဲမရှောင်သာ ပစ်သတ်လိုက်ရသည်ဟု တိရိစ္ဆာန်ရုံ လုံခြုံရေး ဝန်ထမ်းများက ပြောသည်။

" ဗြုန်းစားကြီး သူ ဒီလိုမျိုး ဝင်သွားပြီး ခြင်္သေ့တွေနားကပ်သွားတာ တွေ့လိုက်ရတော့ သူ့အသက်ကို ကယ်ဖို့အတွက်ပဲ ခြင်္သေ့တွေကို ပစ်လိုက်ရပါတယ်၊ ဒီအဖြစ်အပျက်က ကျွန်တော်တို့အတွက်လည်း တကယ့်ကို ထိခိုက်ခံစားရပါတယ်၊ ဒီ တိရိစ္ဆန်တွေကို နေ့စဉ် ပြုစုစောင့်ရှောက်ကျွေးမွေးနေရတဲ့ ကျွန်တော်တို့လို တိရိစ္ဆာန်ရုံဝန်ထမ်းတွေစိတ်ထဲမှာ မချိတင်ကဲဖြစ်ရလောက်အောင်ပါပဲ" ဟု တာဝန်ရှိသူ တစ်ဦးက ပြောသွားသည်။

အဆိုပါ အမျိုးသားသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ရန်အတွက် ယခုကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်ကြောင်း ချီလီ ရဲတပ်ဖွဲ့က ဆိုသည်။

ယခုအခါ ၎င်းအမျိုးသားအား ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကာ လောလောဆယ် စိတ်ငြိမ်ဆေးထိုးထားရပြီး နောက်ပိုင်းတွင် ဥပဒေအရ အရေးယူနိုင်ရန်အတွက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်သွား မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required