ကျောက်မဲတွင် တွေ့ရှိသည့် မီးလောင် အလောင်း ၈လောင်းထဲမှ ၆လောင်းမှာ အရပ်သားများဖြစ်ဟုဆို

ကျောက်မဲတွင် တွေ့ရှိသည့် မီးလောင် အလောင်း ၈လောင်းထဲမှ ၆လောင်းမှာ အရပ်သားများဖြစ်ဟုဆို

ချင်းမိုင်၊ မေ ၂၂ ။  ။ SSPP နှင့် တပ်မတော်တိုက်ပွဲအတွင်း ရှမ်းမြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း မီးရှို့ခံထားရသည့် အလောင်း ၈လောင်းထဲမှ ၆လောင်းသည် ဒေသခံအရပ်သားများဖြစ်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ)၏ ကျောက်မဲ ပြည်သူ့လွှတ်တော်အမတ်က ပြောသည်။ 

ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာအနီးတွင် မီးရှို့ခံထားရသော အလောင်း ၃ လောင်းသည် နောင်ကွမ်ကျေးရွာမှ အသက် ၂၀ ကျော်ဝန်ကျင် အရွယ်ရှိ ညီအစ်ကိုများ ဖြစ်ပြီး ဝိုးလုံကျေးရွာအနီး တွေ့ရသော အလောင် ၅ လောင်းမှ ၃ လောင်းမှာ ဒေသခံ အရပ်သားများ ဖြစ်နိုင်သည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က မဇ္ဈိမကိုပြောသည်။

“ဝိုးလုန်မှာရှိတဲ့ ၅ လောင်းက တလောင်းက မတွေ့သေးဘူး။ ၃ လောင်းကတော့ အရပ်သားသေချာသွားပြီ။ အိမ်ထောင်စုတွေရော တွေ့ထားပြီးပြီ။ ဘာလို့လဲ ဆိုတော့ ဝိုးလုံမှာက လူနှစ်ယောက် ပျောက်နေတယ်။ အရိုးကလည်း မီးရှုံ့ခံရတယ်ဆိုတော့။ နောက်တခါ ရွာကပ်ရပ်မှာလည်း လူတစ်ယောက်ပျောက်နေတယ်။ အဲဒီမှာလည်း အလောင်း ၃ လောင်း မီးရှုံ့ခံရတယ်ဆိုတော့ နီးစပ်ဖို့ ရှိသွားပြီ၊ ၆ ယောက်လောက် အရပ်သားဖြစ်ဖို့ များတယ်”ဟု ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

မီးရှုံ့ခံရသော အလောင်း ၈ လောင်းမှ ၆ လောင်းသည် အရပ်သားများ ဖြစ်သည်ဟု စုံစမ်းသိရသော်လည်း ကျန် ၂ လောင်းမှာ မည်သူမည်ဝါ ဖြစ်သည်ဟု မသိရသေးကြောင်း၊ တစ်ချို့အလောင်းများသည် အရိုးသာ ကျန်တော့သဖြင့် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

ပန်လော့ကျေးရွာအနီးတွေ့ရှိရသော အလောင်း ၃ လောင်းသည် နောင်ကွမ်ကျေးရွာသား အိုင်နောင့်၊ အိုင်မတ်၊ အိုင်သင့်တို့ ဖြစ်ပြီး အလောင်းကို မေလ ၂၁ ရက်က ဒေသခံများက သဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း သေဆုံးသူ သုံးယောက်တွင် နှစ်ယောက်က ညီအစ်ကို ဖြစ်ပြီး တစ်ယောက်သည် ယောက်ဖ ဖြစ်ကြောင်း သူက ပြောသည်။

ဝိုးလုံရွာအနီး တွေ့ရှိသော အလောင်း ၅ လောင်းကိုလည်း ဒေသခံရွာသားများ သဂြိုလ်ရန် မှာကြားခဲ့သည်ဟု ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

“ကျနော်ကြားတာက သူတို့ သုံးယောက်ထဲက တယောက်က SSA နဲ့တိုက်ပွဲ ဖြစ်တဲ့ထဲမှာ သူက တာဝန်ကျတဲ့အနေနဲ့ ကျေးရွာက ရိက္ခာသွားပို့တာလား မသိဘူး။ ခိုင်းစေချက်အရ သွားတာ ဟိုမှာ တိုက်ပွဲဖြစ်တော့ သူ့ကို ထိမိတယ်ပေါ့လေ။ ထိမိတဲ့ အချိန်မှာ သူ့အစ်ကိုက သွားပြီးတော့ ကျောက်မဲ ဆေးရုံပို့ဖို့ ကြိုလာတဲ့အချိန်မှာ စစ်ကြောင်းနဲ့ တွေ့ပြီးတော့ SSA ထင်ပြီးတော့မှ အားလုံးကို သတ်ပလိုက်တဲ့သဘောရှိတယ်၊ သူတို့ကို ဓါးနဲ့ ခုတ်သတ်တဲ့အချိန်မှာ စစ်တပ်က ပေါ်တာစွဲခေါ်တဲ့လူက တွေ့နေတယ်ပေါ့လေ”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ အရပ်သားများ အသတ်ခံရမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ ပါတီတွင်း ဆွေးနွေးတိုင်ပင် လုပ်ဆောင်နေပြီး အစိုးရနှင့် အုပ်ချုပ်ရေးသို့လည်း သတင်းပို့ထားပြီး ဖြစ်သည်ဟု သူက ဆိုသည်။

ကျောက်မဲမြို့နယ်အတွင်း မေလဆန်းပိုင်းမှစတင်၍ မြန်မာ့တပ်မတော် နှင့် SSPP/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ပြေး ဒုက္ခသည်များ ရာချီထွက်ပြေးတိမ်းရှောင်နေရသည်။

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၊ ကုန်းညု၊ တွန်ဆောက်ကျေးရွာများ၊ ကျောက်မဲမြို့နယ် နောင်ကွမ်ကျေးရွာ၊ တိန်းလုံ ကျေးရွာနှင့် လားရှိုးမြို့နယ် နမ္မဘောဒ ဒေသများသို့ SSPP/SSA ဝမ်ဟိုင်းအဖွဲ့သည် သတ်မှတ် နယ်မြေ ကျော်လွန်လာသည့် အတွက် တပ်မတော်စစ်ကြောင်းနှင့် မေလ ၅ ရက်မှ ၂၀ ရက်အတွင်း ထိတွေ့ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ကာ ရန်သူအလောင်း ၇ လောင်းနှင့် လက်နက်မျိုးစုံ သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှ တပ်ရင်းမှူး တစ်ဦး အပါအဝင် အရာရှိ စစ်သည် တစ်ချို့ အသက်စွန့်ခဲ့ရကာ ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့သည်ဟု မေလ ၂၁ ရက် တပ်မတော်က ထုတ်ပြန်ထားသည်။

ထို့ပြင် တပ်မတော်အနေဖြင့် တပ်မတော် ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ပါအချက်အလက်များ ချိုးဖောက်လာပါက သတိပေး ကန့်ကွက်ခြင်းနှင့် လိုက်တာမှုမရှိပါက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ပုဒ်မ ၃၄၁ ပါအတိုင်း ဆောင်ရွက်လျက်ရှိသည်နှင့်အညီ ပုံဝိုး၊ တောင်ခြေ၊ တောင်ထိပ်နှင့် နမ္မဘောဒ နယ်မြေများ အလိုက် ဆက်လက် ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ် ဇန်န်ဝါရီလ ၂၈ ရက်တွင် ယခင် နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ရာ ပြည်နယ်အဆင့် သဘောတူညီချက် အမှတ် (၁) အပိုင်(ခ)အရ SSPP/SSA တပ်ဖွဲ့ဝင်များကို ဝမ်ဟိုင်းတွင် အခြေပြု၍ လက်ရှိ ဖြန့်ခွဲထားသော နေရာများတွင် ယာယီအခြေပြုနေထိုင်ရန် သဘောတူသည်ဟု ပါရှိကြောင်း မေလ ၁၉ ရက်က SSPP/SSA က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required