မြန်မာ့ကျွန်းသစ်များ ထုတ်လုပ်ရောင်းချမှု တစ်နှစ်ရပ်ဆိုင်းရန် ပြင်ဆင်

မြန်မာ့ကျွန်းသစ်များ ထုတ်လုပ်ရောင်းချမှု တစ်နှစ်ရပ်ဆိုင်းရန် ပြင်ဆင်
 မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းရှိ ချင်းပြည်နယ်မှ သစ်များထုတ်လုပ်သည့် စခန်းတစ်ခုအား ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ရန်ကုန်၊ မေ ၁၈ ။            ။ မြန်မာ့ကျွန်းသစ်များအား ယခုနှစ်တွင် အပင်ရေ ၁၉,၀၀၀ ထုတ်ခွင့်ပေးသော်လည်း လက်ရှိ ကျွန်းအရည်အတွက်နှင့် ထုတ်လုပ်ရောင်းချရန် အရည်အသွေးနည်းနေသောကြောင့် ကျွန်းသစ်ထုတ်လုပ်မှုကို တစ်နှစ်ရပ်ဆိုင်းလိုကြောင်း သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ညွှန်ချုပ်က ပြောသည်။

မြန်မာနိုင်ငံတွင် ထင်းမီးသွေးသုံးစွဲမှု၊ သစ်ခိုးထုတ်မှု၊ တောမီးရှို့မှုနှင့် အခြားသော အကြောင်းအရာများကြောင့် သစ်တောပြန်းတီးမှု ကြုံနေရပြီး သစ်တောပြန်လည်ထူထောင်နိုင်ရန် ယခု၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် သစ်များထုတ်လုပ်မှုလျော့ချခြင်း၊ သစ်ထုတ်လုပ်မှုတစ်နှစ်ရပ်ဆိုင်းခြင်း၊ သစ်ထုတ်လုပ်မှု လုံးဝရပ်နားခြင်းများကို ပညာရှင်များ၊ လုပ်ငန်းရှင်များ နှင့် ဆွေးနွေးကြီး အတည်ပြုနိုင်သည်အထိ ကြိုးပမ်းမည်ဟု အဆိုပါ ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်က ပြောသည်။

သစ်လုပ်ငန်းရှင်များကမူ သစ်ထုတ်လုပ်မှု လျော့ချခြင်းကြောင့် သစ်တောများ ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက်နိုင်သော်လည်း ကုန်ကြမ်းပြတ်လတ်သည့် ကာလတွင် ကုန်ချောမထွက်နိုင်ဘဲ ဈေးကွက်ဝေစု ပျောက်နိုင်ခြင်း၊ သစ်တောကို မှီခိုရသည့် သစ်တောဝန်ထမ်များ၊ ဆင်များ ခက်ခဲနိုင်သည့်အပြင် အစိုးရဘဏ္ဍာရေးပါ ခက်ခဲနိုင်သည်ဟု ထောက်ပြပြောဆိုမှုများလည်း ရှိနေသည်။

သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကမူ သစ်ခိုးထုတ်မှု ပပျောက်ရေးအတွက် သစ်တောဝန်ထမ်းများပင် အသစ်ထပ်မံ ခန့်အပ်ရန် ရှိနေသည်။ ပညာရှင် ၇၆ဦး အပါအဝင် သစ်တောဝန်ထမ်း ၆၁၁ဦးကို ထပ်မံခန့်အပ်ရန် စီစဉ်နေသည်။

ညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်ကမူ သစ်များအားလုံးထုတ်လုပ်ခြင်း လုံးဝရပ်နားခြင်း မဟုတ်ဘဲ ကျွန်းသစ်များ မလုံလောက်မှုကြောင့် ၎င်းတစ်မျိုးတည်းကိုသာ တစ်နှစ်ရပ်ဆိုင်းရန် ပြန်လည်ဆွေးနွေးမည်ဟု ပြောသည်။

ကျွန်းသစ်ထုတ်မှု ရပ်ဆိုင်းရန်အတွက် ပထမအဆင့်ဆွေးနွေးမှုအနေဖြင့် မေလ ၁၄ရက် နှင့် ၁၅ရက်က ရန်ကုန်မြို့၊ သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရုံးတွင် ဝန်ကြီးဌာနတာဝန်ရှိသူများ၊ ပညာရှင်များ၊ သစ်တောဝန်ထမ်းများ၊ လုပ်ငန်းရှင်များ ဆွေးနွေးခဲ့ကြသေးသည်။

မြန်မာနိုင်ငံ၏ သစ်တောဧရိယာသည် ၁၉၇၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ၃၆ နှစ်အတွင်း လေးပုံတစ်ပုံခန့် ဆုံးရှုံးသွားခဲ့ ပြီဖြစ်ကြောင်း ဗြိတိန်နိုင်ငံမှ ကမ္ဘာ့သားရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့၏ ၂၀၁၃ ခုနှစ် မေလက ထုတ်ပြန်သော မဲခေါင်ဒေသတွင်း ဂေဟစနစ်ဆိုင်ရာ စစ်တမ်းတွင် ပါရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required