အစိုးရသစ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးသွားမည်ဟု ဖိလစ်ပိုင် ကွန်မြူနစ် သူပုန်ခေါင်းဆောင်များ ပြော

အစိုးရသစ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးသွားမည်ဟု ဖိလစ်ပိုင် ကွန်မြူနစ် သူပုန်ခေါင်းဆောင်များ ပြော

မေ ၁၈ ။           ။ နိုင်ငံတွင် ရွေးကောက်ခံသမ္မတသစ် ဖြစ်လာခဲ့သော ရိုဒရိုဂို ဒူတာတေး နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဝင်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ကွန်မြူနစ်သူပုန်ခေါင်းဆောင်များက ပြောကြားလိုက်သည်။ အလားတူ ဒူတာတေး၏ အစိုးရအဖွဲ့သစ်တွင် လက်ရှိကမ်းလှမ်းထားသော မဟာမိတ်နေရာလေးနေရာအြပ်င နေရာထပ်ပေးရန် သူပုန်များဘက်က တောင်းဆိုထားသည်ဟု သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ၌ အပြတ်အသတ်အနိုင်ရရှိခဲ့သော ဒူတာတေးက ၎င်းဖွဲ့စည်းမည့်အစိုးရအဖွဲ့သစ်တွင် သူပုန်အုပ်စုဘက်အတွက် နေရာလေးနေရာ ကမ်းလှမ်းထားခဲ့သည်။ အလားတူ လွန်ခဲ့သည့် သုံးနှစ်ကြာကတည်းက ရပ်ဆိုင်းနေခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်ရန် ထောင်တွင်းမှ အတိုက်အခံခေါင်းဆောင်များကိုလည်း လွှတ်ပေးလိုသည့် ဆန္ဒရှိသည်ဟု ၎င်းက ထုတ်ဖော်ပြောကြားထားသည်။

" သမ္မတသစ်ဖြစ်လာမယ့် ဒူတာတေးရဲ့ အစီအစဉ်တွေ၊ထုတ်ဖော်ပြောကြားချက်တွေအပေါ်မှာ ကျွန်တော်တို့ဘက်က အားရကျေနပ်မိပါတယ်၊ ဒီလိုလုပ်ဆောင်ချက်တွေက နိုင်ငံရဲ့ အမှန်တကယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအောင်မြင်နိုင်မယ့် အဓိကအချက်တွေဖြစ်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြည်နှင်ဒဏ်ပေးခံထားရသူ ယခင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ညှိနှိုင်းရေးအရာရှိချုပ် လူးဝစ် ဂျာလန်ဒိုနီက ပြောသည်။

ယခုအခါ သူပုန်များဘက်မှ သမ္မတသစ် ဒူတာတေးနှင့် ဆွေးနွေးမည့် ကိုယ်စားလှယ်အဖွဲ့များကို အချိန်ခဏတွင်းမှာပင် လွှတ်ပေးတော့မည်ဟု ယူဆရကြောင်း နယ်သာလန်တွင်နေထိုင်နေသော ဂျာလန်ဒိုနီက ပြောသည်။

တစ်ချိန်တည်းမှာပင် ပြီးခဲ့သည့် အနှစ်သုံးဆယ်လုံးလုံး နိုင်ငံမှ ထွက်ခွာကာ နယ်သာလန်တွင်နေထိုင်နေခဲ့သော ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ တည်ထောင်သူ ဂျို့စ် မာရီယာ ဆိုင်ဆွန်က နိုင်ငံသို့ ပြန်လာပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်မည့် အစီအစဉ်အပေါ် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြောင်း ဒူတာတေးက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required